ရန်ကုန် ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီးအတွင်း သီလဝါစီးပွားရေးဇုန်၏ ကုန်စည်စီးဆင်းမှု၊ မြို့နယ်များမှဒေသထွက်ကုန်များနှင့် အများပြည်သူသွားလာမှုတွင် လွယ်ကူမြန်ဆန်စွာသွားလာနိုင်ရန်ပဲခူးမြစ်ကူးတံတားဖြစ်သည့် သန်လျင်တံတား အမှတ်-၃ ကို ဇွန် ၈ ရက်က အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။
ထိုသို့ သန်လျင်အမှတ်- ၃ တံတားကြီး ဖွင့်လှစ်နိုင်မှုကြောင့် ယခင်ကတစ်လမ်းမောင်းဖြင့် ဖြတ်သန်းသွားလာရသည့် သန်လျင်တံတားအမှတ်-၁ ပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုကို လုံးဝဖြေလျှော့သွားစေသည့်အပြင် ကုန်စည်ပို့ဆောင်မှုနှင့် ခရီးသွားလာမှုမြန်ဆန်ချောမွေ့လာခြင်းသည် ရန်ကုန်တိုင်းဒေသကြီး၏ ကုန်ထုတ်စွမ်းအားနှင့် ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးကို အထောက်အပံ့ဖြစ်စေမည်မှာ အမှန်ပင်ဖြစ်သည်။ အထူးသဖြင့် သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးလာမှုဖြင့် ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းများ တိုးပွားလာသည့်အပြင် သန်လျင်မြို့နယ်နှင့်ဆက်စပ်လျက်ရှိသည့် ကျောက်တန်း၊ ခရမ်း၊ သုံးခွမြို့နယ်တို့ရှိ ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူများစွာဖြစ်စေလျက်ရှိရာ သန်လျင်တံတားအမှတ်-၃ ပေါ်မှ ဖြတ်သန်းသွားလာနေကြသည့် အများပြည်သူတို့၏ ရင်တွင်းပီတိစကားသံတို့ကို စုစည်းဖော်ပြလိုက်ပါသည်။
ဦးထင်ကျော် (ရန်ကုန်တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး)
သန်လျင်အမှတ်-၃ တံတားကို ဖွင့်လှစ်လိုက်ပြီး အများပြည်သူ စိတ်အေးချမ်းသာစွာ ဖြတ်သန်းသွားလာတာကို တွေ့မြင်ရတော့ ဝမ်းသာပီတိဖြစ်ရပါတယ်။ တံတားပေါ်က ဖြတ်သန်းတဲ့ယာဉ် အသုံးပြုခကောက်ခံတာကိုလည်း ရန်ကုန်တိုင်းဒေသကြီး လမ်းဦးစီးဌာနကတာဝန်ယူပြီး ဆောင်ရွက်သွားမှာပါ။ သန်လျင်တံတားအမှတ်-၁ ဟာ တစ်လမ်းသွားဖြစ်တဲ့အတွက် ယာဉ်သွားလာမှုများတဲ့နံနက်ပိုင်းနဲ့ ညနေပိုင်းမှာ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ခဲ့ပါတယ်။ အမှတ်-၃ တံတားကြီးကို ဖွင့်လှစ်ပြီးတဲ့နောက် ယာဉ်တွေအဆင်ပြေချောမွေ့စွာဖြတ်သန်း သွားလာနေတာကို တွေ့မြင်ရမှာပါ။ ဇွန် ၈ ရက်ကနေ ဇွန် ၁၅ ရက်အထိ တံတားဖြတ်သန်းခပေးဆောင်စရာမလိုဘဲ ဇွန် ၁၆ ရက်ကစပြီး သတ်မှတ်နှုန်းထားအတိုင်း ကောက်ခံသွားမှာပါ။ တံတားဝန်ဆောင်ခ ကောက်ခံရာမှာလည်း QR Code System ဖြစ်စေ၊ ငွေသားနဲ့ဖြစ်စေကောက်ခံမှာပါ။ ကုန်တင်ယာဉ်ကြီးတွေအတွက် ဖြတ်သန်းခွင့်အချိန်ကို သတ်မှတ်ပေးသွားဖို့ရှိပါတယ်။ ရန်ကုန်-သန်လျင်ကို ဖြတ်သန်းသွားလာတဲ့အခါမှာ ယာဉ်ကြောပိတ်ဆို့မှုဖြစ်တတ်တဲ့အတွက် တင်ပြပြီးမှ ဆောင်ရွက်သွားဖို့ရှိပါတယ်။ တံတားနှစ်ဖက်စလုံးက ယာဉ်တွေ အခုလိုတံတားပေါ်မှာ အဆင်ပြေချောမွေ့စွာ ဖြန်သန်းသွားလာနေတာကို တွေ့မြင်ရတော့ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။
ဦးငွေစိုး(ခရီးသွား)
ကျွန်တော်ကသာကေတမှာနေတယ်။ သန်လျင်ကိုသွားတဲ့အခါ အရင်လိုတံတားပေါ်မှာ ပိတ်ဆို့မှုမရှိတော့တဲ့အတွက် သွားလာရေးအဆင်ပြေလာပါပြီ။ အရင်က တံတားအမှတ်-၁မှာ တစ်လမ်းသွားနဲ့ သွားလာရတယ်ဆိုတော့ တမေ့တမြောသွားလာနေရတဲ့ အခြေအနေကနေ အခုလိုခရီးကြန့်ကြာမှုမရှိဘဲ သွားလာနိုင်တဲ့အတွက် ရင်ထဲပီတိဖြစ်ရပါတယ်။ သန်လျင်တံတားအမှတ်-၃ ပေါ်ကနေ လွယ်ကူမြန်ဆန်စွာ ခရီးသွားလာနိုင်ပြီဖြစ်လို့ ကျွန်တော့်လိုပဲ ခရီးသွားအားလုံး ဝမ်းသာကြည်နူးမှုကို ခံစားနေကြရမှာပါ။
ဒေါ်သက်စု(ခရီးသွား)
ကျွန်မက သန်လျင်မှာနေပါတယ်။ အရင်က သန်လျင်အမှတ်-၁ တံတားပေါ်က တစ်လမ်းမောင်းနဲ့ သွားလာရတယ်ဆိုတော့ ယာဉ်ကြောကြပ်တာကြုံရတယ်။ တံတားပေါ်မှာ အချိန်ကုန်ခဲ့ရတယ်။ အခုလို တံတားအသစ်ကြီးကို ဖွင့်လှစ်လိုက်ပြီဆိုတော့ အဆင်ပြေပြေနဲ့ မြစ်ကိုဖြတ်သန်းသွားလာရတာဟာ စိတ်အေးချမ်းမှုရရှိတဲ့အတွက် ဘယ်လိုခံစားမှုမျိုးနဲ့မှမတူပါဘူး။ အခုလို အဆင်ပြေပြေ ဖြတ်သန်းသွားလာခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဦးအောင်ကြည်(ခရီးသွား)
ကျွန်တော်က တညင်မှာနေတာပါ။ တံတားဟောင်းနဲ့စာရင် တံတားအသစ်မှာ မြန်မြန်ဆန်ဆန်နဲ့ သွားလာခွင့်ရတာဟာ ဝမ်းသာပီတိဖြစ်စရာပါ။ ခရီးသွားတွေလည်း အဆင်ပြေချောမွေ့စွာ သွားလာနိုင်သလို ကုန်စည်စီးဆင်းမှုလည်း မြန်ဆန်စေတဲ့အတွက် အားလုံးကို အကျိုးရှိစေပါတယ်။ ခရီးသွားနဲ့ ကုန်စည်ပို့ဆောင်မှုမြန်ဆန်ခြင်းဟာ မြို့ပြရဲ့စီးပွားရေးဖွံ့ဖြိုးမှုကို အတိုင်းအတာတစ်ခုအထိ အထောက်အကူဖြစ်စေတဲ့အတွက် သန်လျင် အမှတ်-၃ တံတားကြီး ဖွင့်လှစ်ခဲ့တာကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။
တွေ့ဆုံမေးမြန်း - သစ္စာ(mna)
ဓာတ်ပုံ - ဇွဲမာန်