နေပြည်တော် ဇွန် ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် “အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရတော်မူသော ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အောင်စည်သာကျောင်းတိုက်ပဓာနနာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏမဟာထေရ်မြတ်နှင့် ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ အောင်စည်သာကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဇဝနတို့အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါအောင်စည်သာကျောင်းတိုက်၌ ကျင်းပသည်။
အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့တို့၏ ဩဝါဒါစရိယ၊ နေပြည်တော် ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တဝိမလဗုဒ္ဓိ မဟာထေရ်မြတ်ကြီး၊ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့ သုခဝိဟာရ သရက်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တမုနိကုမာရ မထေရ်မြတ်အမှူးပြုသည့် ဆရာတော်သံဃာတော် အရှင်သူမြတ်များ၊ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများ၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်များ၊ တပည့်ဒါယကာ၊ ဒါယိကာမများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရာက်ကြည်ညိုကြသည်။
ဦးစွာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့တို့၏ ဩဝါဒါစရိယ၊ ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ်မင်္ဂလာ ဇေယျုံကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တဝိမလဗုဒ္ဓိ မဟာထေရ်မြတ်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် “အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော် အပူဇော်ခံဘဒ္ဒန္တဝိစက္ခဏ၏ ထေရုပ္ပတ္တိအကျဉ်းနှင့် ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဇဝနတို့၏ ထေရုပ္ပတ္တိအကျဉ်းတို့ကို ဖတ်ကြားပူဇော်ကြသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် ချီးမြှင့်အပ်နှင်းခဲ့သည့် “အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီးတို့က အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏအား ထပ်ဆင့်ဆက်ကပ်လှူဒါန်းပြီး ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယကဘဒ္ဒန္တ ဝိမလဗုဒ္ဓိ မဟာထေရ်မြတ်ကြီးထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ “ဂန္ထဝါစကပဏ္ဍိတ” ဘွဲ့တံဆိပ်တော်ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက အောင်စည်သာကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဇဝနအား ထပ်ဆင့်ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များနှင့် အမြဲတမ်းအတွင်းဝန်တို့က ဆရာတော်သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အလှူရှင်များကလှူဒါန်းသည့် အလှူငွေများကို လက်ခံကြသည်။
ယင်းနောက် ဘဒ္ဒန္တဝိမလဗုဒ္ဓိ မဟာထေရ်မြတ်ကြီးထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များနှင် ၎င်းတို့၏ဇနီးတို့က ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်