Skip to main content

ကျောက်တော်မြို့နယ် ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာရှိ နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံရမှုမှာ AA အကြမ်းဖက်သောင်းကျန်းသူများက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးသိရှိရ

နေပြည်တော်၊ စက်တင်ဘာ ၈

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာရှိ နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံရမှုမှာ AA အကြမ်းဖက်သောင်းကျန်းသူများက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးသိရှိရကြောင်း တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် လတ်တလော တချို့လူမှုကွန်ရက်စာမျက်နှာများတွင် ကျောက်တော်မြို့နယ် ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့အား တပ်မတော်က ရွာလုံးကျွတ်မီးရှို့ခဲ့သည်ဆိုသည့်သတင်းမှားများအား အဖွဲ့အစည်းတချို့က လုပ်ကြံသတင်းများဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ကျောက်တော်မြို့နယ်အတွင်းရှိ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၃ ရက်တွင် မြို့တွင်းလုံခြုံရေးဆောင်ရွက်ပြီး အပေါက်ဝရဲကင်းစခန်း၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များအား ပို့ကြိုဆောင်ရွက်စဉ် တောင်ပေါက်ကျေးရွာနှင့် ဘုရားပေါင်းကျေးရွာပတ်ဝန်းကျင်၌ AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရပ်ဝတ်ဝတ်ဆင်ထားသည့် AA အကြမ်းဖက်သောင်းကျန်းသူနှစ်ဦးအား လက်နက်ခဲယမ်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့သည်ကို စက်တင်ဘာ ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း။

ထို့ကြောင့် လူမှုကွန်ရက်သတင်းမှားများစိစစ်နိုင်ရေးအတွက် စက်တင်ဘာ ၇ ရက်ညပိုင်း ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာအတွင်း မီးလောင်ကျွမ်းခဲ့မှုအခြေအနေအား မြေပြင်စစ်ဆေးမှုများ၊ ဒရုန်းများဖြင့် စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ ရွာလုံးကျွတ်မီးလောင်ကျွမ်းခြင်းမဟုတ်ဘဲ လူနေအိမ်တချို့ကိုသာ ရွေးချယ်မီးရှို့ဖျက်ဆီးထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး ဒေသခံပြည်သူလူထုတချို့၏ ပြောပြချက်အရ AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့အပေါ် ထောက်ခံမှုမရှိသည့် ဒေသခံပြည်သူများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု သိရှိရကြောင်း၊ အဆိုပါကျေးရွာ နှစ်ရွာအပါအဝင် အင်ဘာရီ၊ ဒုက္ကံချောင်း၊ ဂုတ်ပိတောင်နှင့် အခစားကျေးရွာများသည် ကုလားတန်မြစ် ဝဲ/ယာရှိ ကျေးရွာများဖြစ်ကြပြီး AA အကြမ်းဖက်သောင်းကျန်းသူများက အရပ်သားများအသွင်ရောနှောနေထိုင်လျက် တပ်မတော်ရေယာဉ်များ စစ်တွေ- ကျောက်တော်အုပ်ချုပ်မှုကိစ္စများဆောင်ရွက်ချိန်တိုင်း ရွာအတွင်းမှ မကြာခဏချောင်းမြောင်း နှောင့်ယှက်ပစ်ခတ်လျက်ရှိသည်ဟု သိရှိရကြောင်း ဖော်ပြထားသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကျေးရွာများတွင် အရပ်သားအသွင်ယူရောနှောနေထိုင်ပြီး ရပ်ရွာနေပြည် သူလူထုများ၏နေအိမ်များအား အကာအကွယ်ယူကာ ကျေးရွာများအနီး တိုက်ပွဲများဖန်တီးခြင်း၊ မိုင်းထောင်ခြင်းများ ပြုလုပ်ကာ တိုက်ပွဲအကျိုးဆက်များအား တပ်မတော်အပေါ် အပြစ်ပုံချ၍ ပြည်သူလူထုယုံကြည်မှုကင်းမဲ့စေရန် လုပ်ကြံဖန်တီးလျက်ရှိကြောင်းနှင့် သတင်းမှားများနှင့်ပတ်သက်၍ ပြည်သူများ နားယောင်မှုမရှိစေရေးအတွက် သတင်းထုတ်ပြန် အပ်သည်ဟု အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းစဉ်