Skip to main content

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းသားသမီးများ ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၉

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် လူငယ်များကျန်းမာပြီး ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ကာ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်အောင် မိဘများအနေဖြင့် ငယ်စဉ်ကတည်းက ပြုစုပျိုးထောင် သွန်သင်ပြသသင်ကြားပေးသွားရန်လိုကြောင်း၊ ယခုခေတ်သည် ပညာခေတ်ဖြစ်ပြီး ပညာသည်သာလျှင် စစ်မှန်သည့် တန်ဖိုးဖြစ်သည့်အတွက် ကျောင်းသား ကျောင်းသူများအနေဖြင့် နောင်တစ်ချိန်တွင် မိမိအတွက်၊ မိသားစုအတွက်၊ လူမျိုးအတွက်၊ နိုင်ငံအတွက် အကျိုးပြုနိုင်ပြီး ထူးချွန်ထက်မြက်သည့် ပညာတတ်ကြီးများဖြစ်အောင် ဆက်လက်ကြိုးစား အားထုတ်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသည့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများနှင့် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးငွေများ ပေးအပ်ကြရာ ကျောင်းသား ကျောင်းသူများကိုယ်စား အထက်တန်းကျောင်းသူ မနန္ဒာဝင်းရွှေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယနေ့အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မူလတန်းအဆင့်အတွက် ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် ၃၁၅ ဦး၊ အလယ် တန်းအဆင့်အတွက် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ၁၁၄ ဦး၊ အထက်တန်းအဆင့်အတွက် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ၈၇ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၅၁၆ ဦးတို့အတွက် ငွေကျပ် ၉၆၁၅၀၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်