နေပြည်တော် ဇွန် ၈
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဟင်္သာရွာသစ်ကျေးရွာမှ ဘုန်းကြီး ၂ ပါးအား ဇွန်လ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ မတ္တရာမြို့နယ်၊ ဟင်္သာရွာသစ်ကျေးရွာအနီးသို့ ငွေကြေးခြိမ်းခြောက်တောင်းခံခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းများလုပ်ဆောင်ရန် PDF အမည်ခံ အကြမ်းဖက်သမားများရောက်ရှိနေပြီး ကျေးရွာသားအချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အကြမ်းဖက်လုပ်ရပ်များကို လက်ခံခြင်းမရှိသည့် တာဝန်သိ ပြည်သူတစ်ဦး၏သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားက ကျေးရွာရှိ လူနေအဆောက်အဦများကို အကာအကွယ်ယူ၍ စတင်ပစ်ခတ်ခဲ့ကြောင်း၊ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ကျေးရွာအတွင်းမှ ထွက်ပြေးသွားခဲ့ကြောင်း၊ ကျေးရွာဘုန်းကြီးကျောင်းတွင် ဘုန်းကြီးများမရှိဘဲ ခေတ္တတိမ်းရှောင်လျက်ရှိကြောင်းနှင့် ကျောင်းစောင့် အဘိုးအဘွား ၂ ဦးသာတွေ့ရှိရကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများသည် ဖြစ်စဉ်ဖြစ်ရပ်များအပေါ်အခြေခံ၍ သတင်းတု၊ သတင်းအမှားများဖြင့် ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ဝေလျက်ရှိရာ ယခုဖြစ်စဉ်မှာလည်း ပြည်သူအများ စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်ပေးမှုအပေါ် အများပြည်သူ အထင်အမြင်လွဲမှားစေရန်နှင့် စိုးရိမ်ထိတ်လန့်စေရန်အတွက် လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။