ရန်ကုန် စက်တင်ဘာ ၈
COVID-19 ကူးစက်ရောဂါကာလအတွင်း၌ မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက်လိုသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့သည် ၈-၉-၂၀၂၀ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ဖြင့် (၂၁) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲပေးနိုင်ရေး စီစဉ်ပေးခဲ့ပါသည်။
အဆိုပါ လေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်မြို့သို့ ၁၇:၀၀ နာရီအချိန်တွင် ထွက်ခွာခဲ့ပြီး ဂျာမနီနိုင်ငံမှ (၁) ဦး၊ တောင်အာဖရိကမှ (၁) ဦး၊ ဘရာဇီးလ်နိုင်ငံမှ (၂) ဦး၊ အီတလီမှ (၃) ဦး၊ ဗြိတိန်မှ (၃) ဦး၊ ဘယ်လ်ဂျီယံမှ (၃) ဦး၊ နော်ဝေမှ (၄) ဦး၊ ကနေဒါမှ (၃) ဦး၊ အင်ဒိုနီးရှားမှ (၃) ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၁၁) ဦး နှင့် ကိုရီးယားသမ္မတနိုင်ငံမှ (၆၈) ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း (၁၀၂) ဦးတို့မှ စီးနင်းလိုက်ပါခဲ့ပါသည်။ လိုက်ပါမည့်ခရီးသည်များ လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
#Ministry_of_Foreign_Affairs_Myanmar