နေပြည်တော် ဇွန် ၇
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေ၊ Global New Light of Myanmar သတင်းစာနှင့် ရုရှားနိုင်ငံ Sputnik Information Agency တို့ ပူးပေါင်းဆောင်ရွက်နေမှု၊ ရုရှား - မြန်မာ နှစ်နိုင်ငံရုပ်မြင်သံကြားကဏ္ဍ MoU လက်မှတ်ရေးထိုးနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံမီဒီယာအဖွဲ့များ အပြန်အလှန်ဖိတ်ကြားပြီး သွားလာလည်ပတ်နိုင်မှု၊ နှစ်နိုင်ငံခရီးသွားကဏ္ဍ ပိုမိုမြှင့်တင်နိုင်ရေးနှင့် အခြားကဏ္ဍစုံပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ သံအရာရှိတို့ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်