Skip to main content

နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ သာသနာရေးနှင့်ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်သည်နှင့်အမျှ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်လာမည်

နေပြည်တော် ဇွန် ၇

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄)ကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသဆိုင်ရာ သာသနာရေးနှင့်ယဉ်ကျေးမှု ဆပ်ကော်မတီဥက္ကဋ္ဌများ၊ လုပ်ငန်းဆပ်ကော်မတီဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က မိမိတို့ လုပ်ငန်းဆပ်ကော်မတီကို ပေးအပ်ထားသည့်တာဝန် (၁၃) ရပ်သည် မိမိတို့ ပြည်ထောင်စုအတွင်းတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ဘာသာသာသနာကို ထွန်းကားပြန့်ပွားစေရေးနှင့် ရိုးရာဓလေ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို ပေါင်းစပ်ထားခြင်းဖြစ်ကြောင်း၊ ဆပ်ကော်မတီဝင် ဦးစီးဌာနများ၏ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုး များ၏သာသနာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်သည်နှင့်အမျှ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆပ်ကော်မတီဝင်ဦးစီးဌာနများအနေဖြင့် မိမိတို့၏ လျာထားလုပ်ငန်းစီမံကိန်းများကို သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသဆိုင်ရာ သာသနာရေးနှင့်ယဉ်ကျေးမှု ဆပ်ကော်မတီဥက္ကဋ္ဌများ၊ ဆပ်ကော်မတီဝင်ဌာနများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန်လျာထားမှုနှင့် လုပ်ငန်းစီမံကိန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြ သည်။

ယင်းနောက် အစည်းအဝေးဆုံးဖြတ်ချက် (၈) ချက်ချမှတ်၍ တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်မည့်ဦးစီးဌာနများကို အတည်ပြုကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်