Skip to main content

ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့် နဝင်းချောင်းတံတား တိုးချဲ့တည်ဆောက်ရေးလုပ်ငန်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း လမ်းတာပေါင်တိုးချဲ့ခြင်းနှင့် လမ်းနယ်အတွင်း ရေဝပ်နေရာများမြေဖို့နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၆

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၄၅/၇) တွင် တံတားဦးစီးဌာန တံတားအထူးဖွဲ့ (၆) မှ တာဝန်ယူတည်ဆောက်နေသည့် နဝင်းချောင်းတံတားအရှည် ပေ ၁၉၀ အား မူလနှစ်လမ်းသွားတံတားမှ လေးလမ်းသွားတံတားအဖြစ် အဆင့်မြှင့်တင်တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား တာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းခွင်ရှင်းလင်းဆောင်၌ တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မိုးတွင်းကာလရောက်ရှိပြီဖြစ်၍ တံတားတိုင်လုပ်ငန်းများနှင့် တံတား၏ Up Stream နှင့် Down Stream တို့၏ မြေထိန်းနံရံလုပ်ငန်းများကို သတ်မှတ်အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန်၊ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးကောင်းမွန်အောင်ဆောင်ရွက်ရန်၊ ယာဉ်သွားလာမှုများပြားသည့်အတွက် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်း ရေးအထူးအလေးထား ဆောင်ရွက်ရန်မှာကြားပြီး လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။

ယခုတိုးချဲ့တည်ဆောက်နေသည့် နဝင်းချောင်းတံတားသည် အရှည်ပေ ၁၉၀ ရှိပြီး လက်ရှိနှစ်လမ်းသွားတံတားအဆင့်မှ လေးလမ်းသွားတံတားအဆင့်သို့ တိုးချဲ့တည်ဆောက်ခြင်းဖြစ်ပြီး လုပ်ငန်းများကို ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ တည်ဆောက်ခဲ့ရာ တံတားကြီးပြီးစီးပါက ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး၏ တံတားနေရာ၌ ယာဉ်ကြောကျပ်တည်း မှုများလျှော့ချနိုင်မည့်အပြင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များကင်းရှင်းစွာ သွားလာနိုင်မည်ဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း ယခင်လေးလမ်းသွားအဆင့်မှ ခြောက်လမ်းသွားအဆင့် လမ်းတာပေါင်တိုးချဲ့ဆောင်ရွက်နေမှု၊ လမ်းကြောင်းတစ်လျှောက် လမ်းဘေးဝဲ / ယာတွင် ယခင်နှစ်များက စိုက်ပျိုးထားရှိပြီးသောအပင်များ ရှင်သန်ဖြစ်ထွန်းနေမှု၊ လမ်းဘေးဝဲ/ယာ၌ လမ်းနယ်အတွင်း ရေဝပ်သည့်နေရာများကို မြေဖို့ဆောင်ရွက်နေမှု၊ ယခင်စိုက်ပျိုးပြီး ပျက်စီးသွားသောအပင်များကို အစားထိုးစိုက်ပျိုးထားရှိမှုနှင့် ယခုနှစ်မိုးတွင်းကာလတွင် လမ်းဘေး ဝဲ/ယာ တစ်လျှောက်အပင်များ ထပ်မံစိုက်ပျိုးနေသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ယခုလမ်းပိုင်းကို Master Plan အနေဖြင့် ခြောက်လမ်းသွားအဆင့်တိုးမြှင့်ဆောင်ရွက်ရန်လျာထားပြီး ပထမအဆင့်အနေဖြင့် လေးလမ်းသွားအဆင့် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ယခုတိုးချဲ့ဆောင်ရွက်နေသည့် လမ်းတာပေါင်ကို သတ်မှတ်စံချိန်စံညွှန်းအတိုင်း အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်ထားရန်လိုကြောင်း၊ လမ်းဘေး ဝဲ/ယာ သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်စေရေးအတွက် သစ်ပင်များကို Tree Guard များအသုံးပြုပြီး အကာအကွယ်ပြုလုပ်ထားရန်နှင့် မိုးတွင်းကာလတစ်လျှောက် စစ်ဆေး၍ လိုအပ်ပါက အစားထိုးလဲလှယ်စိုက်ပျိုးခြင်းကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်