နေပြည်တော် ဇွန် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၃၁ ရက်နေ့တွင် စီပါကျေးရွာအတွင်း ဝင်ရောက်ခဲ့ပြီး ဒေသခံပြည်သူ ၁၀ ဦးကို ဖမ်းဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ စီပါကျေးရွာနှင့်အနီးဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိရာ မေလ ၃၁ ရက်နေ့တွင် အကြမ်းဖက်သမားများက အများပြည်သူအသုံးပြုလျက်ရှိသည့် စီပါကျေးရွာအနီးရှိလမ်းပေါ်တွင် မိုင်းထောင်နေသည်ကို တွေ့ရှိခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ထွက်ပြေးသွားခဲ့ပါသည်။ ထို့နောက် ပြည်သူများထိခိုက်မှုမရှိစေရန်အတွက် အကြမ်းဖက်သမားများ ထောင်ထားသည့်မိုင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျရှင်းလင်းဆောင်ရွက်ပေးခဲ့သည်။
တရားမဝင်ပြည်ဖျက်မီဒီယာများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်နှင့် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် လူမှုကွန်ရက်ပေါ်တွင် သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ပြီး အဆိုပါကျေးရွာသားများကို ဖမ်းဆီးခြင်းမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။