နေပြည်တော် မေ ၃၁
တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၏ (၂၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ကျင်းပရာ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်ဝင်းဗိုလ်နှင့် ပါမောက္ခချုပ် ဗိုလ်မှူးကြီးဒေါ်မေခင်သိန်းနှင့် ပညာရေးအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြသည်။
ဦးစွာ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမသို့ဝင်ရောက်ကာ သတ်မှတ်နေရာများတွင် နေရာယူကြပြီးနောက် မြန်မာ့ဆိုင်းတူရိယာအဖွဲ့က နိုင်ငံတော်သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်ကျင်းပကြောင်းကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာခံယူစေခြင်း၊ သက်ဆိုင်ရာပါမောက္ခများက ဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ပို့ဆောင်ခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
ဆက်လက်၍ ပါမောက္ခချုပ်က ပါရဂူဘွဲ့ (ဆေးဘက်ဆိုင်ရာဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ)၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ အထူးကြပ်မတ်သူနာပြုစုမှုမဟာသိပ္ပံဘွဲ့၊ ဆေးဝါးနှင့်ဆေး ဘက်ဆိုင်ရာနည်းပညာမဟာသိပ္ပံဘွဲ့၊ ဆေးပညာသင်ကြားရေးဘွဲ့လွန် ဒီပလိုမာ၊ ဆေးဘက်ဆိုင်ရာ အသံလွန်လှိုင်းဖြင့် ရောဂါရှာဖွေခြင်းနည်းပညာဒီပလိုမာ၊ ခွဲစိတ်ခန်း သူနာပြုစုမှုဒီပလိုမာ၊ နှလုံးရောဂါအထူးပြုသူနာပြုစုမှုဒီပလိုမာ၊ အရိုးရောဂါအထူးပြု သူနာပြုစုမှုဒီပလိုမာ ရရှိသူများကို ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။
ထို့နောက်ကျောင်းအုပ်ကြီးက ဘွဲ့ရသူများအားဘွဲ့များနှင့်လျော်ညီသော အဆောင်အယောင်အမှတ် လက္ခဏာဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီးနောက် အခမ်းအနားကို ရုပ်သိမ်းကြောင်းကြေညာကာ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာ တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာသွားကြကြောင်း သတင်းရရှိသည်။