နေပြည်တော် မေ ၃၀
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်သည့်အဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ ကျင်းပသည့် (၅၂) ကြိမ်မြောက် အာရှဗဟိုဘဏ်များ ငွေစာရင်းရှင်းလင်းရေးအဖွဲ့ (အေစီယူ) ဒါရိုက်တာအဖွဲ့အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
တက်ရောက်
အစည်းအဝေးသို့ အေစီယူအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘူတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အီရန်နိုင်ငံ၊ မြန်မာနိုင်ငံ၊ နီပေါနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ မော်လဒိုက်နိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေး
အစည်းအဝေးတွင် အေစီယူအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုနှင့် အလားအလာများ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အေစီယူ၏ ဆောင်ရွက်ချက်များနှင့် တိုးတက်အောင်မြင်မှုများ၊ အေစီယူကျွမ်းကျင်မှုကော်မတီမှ လေ့လာတင်ပြသော ငွေပေးချေမှုစနစ်များ အချင်းချင်း ချိတ်ဆက်ပေါင်းစည်းခြင်းဖြင့် အေစီယူငွေပေးချေမှုစနစ်အပေါ် သက်ရောက်မှုအခြေအနေများ၊ အေစီယူငွေပေးချေမှုစနစ်တွင် ဒေသတွင်းငွေကြေးများ ပိုမိုအသုံးပြုနိုင်ရေးကိစ္စရပ်များ၊ အေစီယူ ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေးအကောင်အထည်ဖော်ရေးကိစ္စရပ်များ၊ အေစီယူမက်ဆေ့ဂျ်ပေးပို့ သည့်စနစ် အကောင်အထည်ဖော်ရေးကိစ္စရပ်များနှင့် အေစီယူစနစ် ပိုမိုအားကောင်းခိုင်မာလာရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ တက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်၊၊
လွှဲပြောင်းလက်ခံရယူ
အဆိုပါအစည်းအဝေးတွင် လာမည့် ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် (၅၃) ကြိမ်မြောက် အေစီယူဒါရိုက်တာအဖွဲ့အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၏ အေစီယူဒါရိုက်တာအဖွဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက လွှဲပြောင်းလက်ခံရယူခဲ့ကြောင်း သိရသည်။
သတင်းစဉ်