Skip to main content

စက်မှုဝန်ကြီးဌာနမှ သံမဏိစက်ရုံစီမံကိန်းနှစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ စီမံကိန်းနှစ်ခုပြီးစီးပါက တစ်နှစ်လျှင်တန်ချိန် ငါးသိန်းခန့်ကို ထပ်မံဖြည့်တင်းထုတ်လုပ်ပေးနိုင်မည်

နေပြည်တော် မေ ၂၉

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် မေ ၂၅ ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ရှိ Chatrium Hotel ၌ ကျင်းပသည့် မြန်မာနိုင်ငံ သံနှင့်သံမဏိ အသင်းပထမအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်သည်။

တက်ရောက်

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ နည်းပညာတက္ကသိုလ်(မှော်ဘီ) ပါမောက္ခချုပ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် ပညာရှင်များ၊ သံနှင့်သံမဏိလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း၌ တစ်နှစ်လျှင် သံနှင့်သံမဏိတန်ချိန် တစ်သန်းခန့်ထုတ်လုပ်လျက်ရှိပြီး ပြည်ပမှသံမဏိတန်ချိန် နှစ်သန်းခန့် တင်သွင်းရသဖြင့် တစ်နှစ်လျှင် သံနှင့်သံမဏိတန်ချိန် သုံးသန်းခန့်လိုအပ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနမှ သံမဏိစက်ရုံစီမံကိန်းနှစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါစီမံကိန်းနှစ်ခု ပြီးစီးပါက တစ်နှစ်လျှင် တန်ချိန်ငါးသိန်းခန့်ကို ထပ်မံဖြည့်တင်းထုတ်လုပ်ပေးနိုင် မည်ဖြစ်ကြောင်း၊ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏သံမဏိလိုအပ်ချက်ကို ပံ့ပိုးပေးနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပြီး တက်ရောက်လာသူများနှင့်အတူစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့အတူ ဒုတိယဝန်ကြီးသည် မေ ၂၆ ရက် နံနက် ပိုင်းက မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနတွင် ခင်းကျင်းပြသထားသည့် MSME ထုတ်ကုန်အရောင်းပြခန်းသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပြည်တွင်း MSME လုပ်ငန်းများမှ ထုတ်လုပ်ထားသည့် ထုတ်ကုန်ပစ္စည်းအမျိုးမျိုး ခင်းကျင်းပြသရောင်းချနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန လျှပ်စစ်စစ်ဆေး ရေးဌာန အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လျှပ်စစ်နှင့် ဆက်စပ်လုပ်ကိုင်လျက်ရှိသည့် အစိုးရ-ပုဂ္ဂလိကဌာန၊ စက်ရုံ၊ အလုပ်ရုံများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး၊ လျှပ်စစ်စစ်ဆေးရေးဌာန၊ ဓာတ်ခွဲခန်းနှင့် လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းများမှ လျှပ်စစ်ကျွမ်းကျင်သူများ ပိုမိုမွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းအားထုတ်ဆောင်ရွက်သွားရန်မှာကြား၍ ဓာတ်ခွဲခန်းအတွင်း၌ လျှပ်စစ်ပစ္စည်းများအား ဓာတ်ခွဲစမ်းသပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)သို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီးလုံခြုံရေး၊ စက်ပစ္စည်းများ ပျက်စီးမှုမရှိစေရေး၊ ခေတ်မီနည်းပညာများဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကိုမှာကြားကာ စက်ရုံ အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်