နေပြည်တော် မေ ၂၉
စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများတက် ရောက်ကြသည်။
အစီအမံများချမှတ်ဆောင်ရွက်
ဦးစွာ စက်မှုလုပ်ငန်းနှင့်စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးဖြစ်သည်နှင့်အညီ အစည်းအဝေးကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သည့် စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စက်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အစီအမံများချမှတ်ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ စက်မှုဇုန်များကို နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင်များနှင့်အညီ စနစ်တကျစီမံထူထောင်၍ ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရန်ဖြစ်ကြောင်း။
ထို့ပြင်စက်မှုဇုန်များ၏ ကွန်ရက်ချိတ်ဆက်မှု ပိုမိုအားကောင်းလာစေရန်၊ စက်မှုလုပ်ငန်းများကြောင့် သဘာဝနှင့်လူမှုပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုများ၊ စွမ်းအင်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲမှုများအား သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျစီမံ ဆောင်ရွက်စေရန်၊ စက်မှုဇုန်များတွင် အသုံးပြုခွင့်ရရှိထားသောမြေများကို လက်တွေ့အသုံးပြုခြင်းဖြင့် နိုင်ငံ့စီးပွားရေးတိုးတက်စေရန်အတွက် မူဝါဒများချမှတ် ဆောင်ရွက်သွားနိုင်စေရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန်ဆိုသည့် ရည်ရွယ်ချက်များနှင့်အညီ ကျင်းပခြင်းဖြစ်ကြောင်း။
အငယ်စားစက်မှုဇုန်ဖော်ဆောင်ရေးဆွေးနွေး
စက်မှုဇုန်နှင့် ပတ်သက်သည့်ဥပဒေကို ၂၀၂၀ ပြည့်နှစ် မေ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့ပြီး နည်းဥပဒေများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ၂၀၂၄ ခုနှစ် ဧပြီ ၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ အလားတူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အမိန့်ကြော်ငြာစာအမှတ် (၉၈/ ၂၀၂၄) ဖြင့် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက် ရေးဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဗဟိုကော်မတီအနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးဆုံးဖြတ်ပြီး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ပြထားသည့် အငယ်စားစက်မှုဇုန် ဖော်ဆောင်ရေးကိုလည်းဆွေးနွေးပြီး ဆက်လက်တင်ပြသွားရန်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၌ ယနေ့ထိ ဖွင့်လှစ်ပြီးစက်မှုဇုန်များကို ကြည့်လျှင် ပင်မစက်မှု ဇုန် ၂၈ ခုနှင့် ဇုန်ခွဲများပါရှိပါက ၅၃ ခု ရှိပြီး စက်မှုရပ်ကွက် ၅ ခုရှိသည်ကိုတွေ့ရကြောင်း၊ တည်ထောင်ဆဲစက်မှုဇုန် စီမံကိန်းမှာနှစ်ခုရှိကြောင်း၊ တည်ထောင်ပြီး စက်မှုဇုန်များကို အဆင့်မြှင့်တင်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ တစ်ဖက်ကလည်း ဥပဒေ၊ နည်းဥပဒေနှင့် မကိုက်ညီသည့်အချက်များကိုလည်း ပြန်လည်ပြင်ဆင်တည့်မတ် ထိန်းကျောင်းသွားကြရမည်ဖြစ်ကြောင်း။
တာဝန်ရှိသူများကကြီးကြပ်ရမည်
ဗဟိုကော်မတီအနေဖြင့် ဆက်လက်ဆောင်ရွက်ပေးရမည့် လုပ်ငန်းမှာ ဒေသဆိုင်ရာစက်မှုဇုန်များ တည်ဆောက်ရေးနှင့် ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပေးရမည်ဖြစ်ကြောင်း၊ အဆိုပါကော်မတီ ဖွဲ့စည်းပေးပြီးမှသာ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီကို ထပ်မံဖွဲ့စည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် လုပ်ငန်းများအမြဲမပြတ်လည်ပတ်နိုင်ရန် စီမံခန့်ခွဲရေးရုံးအဖွဲ့များကိုလည်း ဖွဲ့စည်းပေးရမည် ဖြစ်ကြောင်း၊ အဓိကအရေးကြီးသည့် ရန်ပုံငွေတည်ထောင်ရေးအပိုင်းကို စက်မှုဇုန် ဥပဒေ၊ နည်းဥပဒေနှင့်အညီဆောင်ရွက်မှသာ လုပ်ငန်းများအောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ဗဟိုကော်မတီအနေဖြင့် မူဝါဒချမှတ်ခြင်းနှင့် အခက်အခဲများဖြေရှင်းခြင်းကို ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ ထူထောင်ပြီး စက်မှုဇုန်များနှင့် ထပ်မံဆောင်ရွက်မည့် စက်မှုဇုန်များကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်မှာ ဒေသဆိုင်ရာစက်မှုဇုန်များ တည်ဆောက်ရေးနှင့် ကြီးကြပ်ရေးကော်မတီနှင့် ဒေသအစိုးရအဖွဲ့မှ တာဝန်ရှိသူများက ကြီးကြပ်ရမည်ဖြစ်ပြီး စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီများက အဓိကအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ပို့ကုန်တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေး
သို့ဖြစ်၍ ကြီးကြပ်ရေးကော်မတီနှင့် စီမံခန့်ခွဲမှုကော်မတီတို့တွင် ပါဝင်သင့်၊ ပါဝင်ထိုက်သူများပါရှိမှသာ လုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ရွေးချယ်တာဝန်ပေး ကြပ်မတ်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ စက်မှုဇုန်၊ ဇုန်ခွဲများနှင့် စက်မှုရပ်ကွက် အချို့တို့တွင် လူနေထိုင်မှုများ ရောထွေးနေသည့်အတွက် စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေအတိုင်း ဆွေးနွေးအဖြေရှာပြီး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင်တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အသစ်ဖော်ဆောင်မည့် စက်မှုဇုန်များကိုလည်း ဥပဒေ၊ နည်းဥပဒေအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ ယင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်တွင် ပါဝင်နေသည့် ‘‘တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး’’ ဆိုသည့်အတိုင်းရှိပြီး စက်မှုဇုန်အလိုက်နှင့် တိုးချဲ့မည့်စက်မှုဇုန်အလိုက် ပို့ကုန်တိုးမြှင့်ထုတ်လုပ် တင်ပို့နိုင်ရေးအတွက်လည်း စနစ်တကျစီမံဆောင်ရွက်နိုင်မည့် အခွင့်အရေးဖြစ်ပါကြောင်း။
တန်ဖိုးမြှင့်ချည်ထည်များထုတ်လုပ်
စက်မှုဇုန်များအလိုက် အမျိုးအစားတူသည့်လုပ်ငန်းများတွင် ခွင့်ပြုထားသည့် လုပ်ငန်းများ အမှန်တကယ်ဆောင်ရွက်ခြင်း ရှိ၊ မရှိကို ဒေသဆိုင်ရာ စက်မှုဇုန်များ တည်ဆောက်ရေးနှင့် ကြီးကြပ်ရေးကော်မတီများက ကြပ်မတ်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးမှ တင်ပြလာသော စက်မှုဇုန်မှာ ဧက ၅၀၀ အောက်ဖြစ်သည့်အတွက် အငယ်စားစက်မှုဇုန်ဖြစ်ပြီး အဆိုပါအငယ်စားစက်မှုဇုန်အနေဖြင့် ဆီထွက်သီးနှံ၊ ပဲအမျိုးမျိုးနှင့် ဝါတို့ကိုအခြေခံသော တန်ဖိုးမြှင့်ထုတ်လုပ်သည့် ထုတ်လုပ်မှုလုပ်ငန်းများအား အဓိကအစုအဖွဲ့ဖြင့် နေရာချထားပေးရန်လိုအပ်ကြောင်း၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ဆီထွက်သီးနှံ၊ စက်မှုသီးနှံနှင့် နို့ထွက်ပစ္စည်း တိုးချဲ့ထုတ်လုပ်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နှစ်စဉ်ပြည်ပမှစားသုံးဆီများ တင်သွင်းနေရသဖြင့် ပြည်တွင်းစား သုံးဆီဖူလုံမှုရရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် ဝါမှထွက်ရှိလာသော ချည်များကို တန်ဖိုးမြှင့်ချည်ထည်များအထိ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပသို့တင်ပို့ရောင်းချနိုင်မည်ဖြစ်သဖြင့် တန်ဖိုးမြှင့်ချည်ထည်များ ထုတ်လုပ်ရေးစီမံဆောင်ရွက်ရန်၊ ပြည်တွင်း၌ နို့ထွက်ပစ္စည်းများ ဖူလုံအောင်ထုတ်လုပ်နိုင်ရေးနှင့် နို့ချက်စက်ရုံများ တည်ဆောက်နိုင်ရေး ဆောင်ရွက်ရန်ညွှန်ကြားချက်ကိုလည်း မှတ်သားပြီး လိုက်နာဆောင်ရွက်သွားရန် လိုကြောင်းနှင့် မကွေးတိုင်းဒေသကြီးမှ တင်ပြလာသည့် စက်မှုဇုန်အဆိုပြုချက်တွင် ဝါနှင့်ချည်မျှင်လုပ်ငန်း၊ ဆီထွက်သီးနှံလုပ်ငန်းများမပါရှိ၍ အဆိုပြုချက်အသစ် ပြန်လည်တင်ပြပေးရန်လိုကြောင်း။
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကူညီဆောင်ရွက်
မိမိတို့နိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်နှင့် ဆောင်ရွက်နေသည့် နိုင်ငံဖြစ်ပြီး နိုင်ငံအတွက် လိုအပ်သည့်ထုတ်ကုန်များကို အပြည့်အဝထုတ်လုပ်နိုင်ရေး ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် အထူးစီးပွားရေးဇုန်များနှင့် စက်မှုဇုန်များရှိကြောင်း၊ ယင်းတို့မှာ စီးပွားရေးဇုန်ခြင်း တူသော်လည်း အမျိုးအစားခြင်းမတူညီသည့်အတွက် အထူးသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံဆောင်ရွက်နေသည့် စက်မှုဇုန်များကို သီလဝါအထူး စီးပွားရေးဇုန်ကဲ့သို့ အောင်မြင်အောင်မိမိတို့ စက်မှုဇုန်များကို စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် ဥပဒေ၊ နည်းဥပဒေများကို သိရှိကျွမ်းကျင်နားလည်ပြီး လိုက်နာဆောင်ရွက်မှသာ လုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအတွင်းရေးမှူး စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်နှင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်တို့က ဗဟိုကော်မတီသို့ တင်ပြလာသည့် အမှာစာများကို ဖတ်ကြားတင်ပြသည်။
ယင်းနောက် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံစက်မှုဇုန်များသမိုင်းကြောင်း၊ စက်မှုဇုန်ဥပဒေနှင့် နည်းဥပဒေရေးဆွဲခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ စက်မှုဇုန်များကို စီမံကြီးကြပ်မှုဆိုင်ရာကိစ္စရပ်များနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းဗျူဟာဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက စက်မှုဇုန်ဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်