နေပြည်တော် မေ ၂၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ လှော်ကထားကျေးရွာ ရောင်ခြည်ဦးစာကြည့်တိုက်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ရောင်ခြည်ဦးစာကြည့်တိုက်သည် လွန်ခဲ့သည့် နှစ် ၂၀ ခန့်ကပင် စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခွင့်ပြုရန်ပုံ ငွေကျပ် သိန်း ၂၀၊ ပြည်သူလူထုထည့်ဝင်ငွေတို့ဖြင့် ပူးပေါင်းတည်ဆောက်ခဲ့သော စာကြည့်တိုက်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ကျေးရွာအုပ်စုအဆင့်၊ အခြေခံပညာ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းအဆင့်တို့တွင် စာကြည့်တိုက်များ ရှိနေရမည်ဖြစ်သောကြောင့် လှော်ကထား အ.ထ.ကနှင့် မိုးကုတ်ကျေးရွာအုပ်စု၊ လှော်ကထားကျေးရွာအုပ်စုတို့တွင် စာကြည့်တိုက်များထူထောင်ရန် လိုအပ်ကြောင်း၊ စာအုပ်စာစောင်များရရှိရေးအတွက် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သော စောပြာ-လှော်ကထားလမ်းပေါ်ရှိ စိန်တောင်ကျေးရွာ သံကူကွန်ကရစ်တံတား အရှည် ပေ ၉၀ တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စိန်တောင်ကျေးရွာရှိ လာဘတိဿစေတီတော်အား ဖူးမြော်၍ အလှူငွေများပေးအပ်ကာ ရွာဦးကျောင်းဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ အဆိုပါဘုန်းကြီးကျောင်းတွင် ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးခဲ့သော ဆိုလာအသေးစား ဓာတ်အားပေးစနစ် မီးသုံးစွဲမှုစနစ်တကျရှိစေရေး၊ ဓာတ်အားပေးစနစ် ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရေး ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရေး မှာကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ပန်းတနော်မြို့နယ် စံကျောင်းခေတ်မီစံပြကျေးရွာသို့ သွားရောက်ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာရှိ တောင်သူလယ်သမားများနှင့် တွေ့ဆုံ၍ ကျေးရွာအတွက် ရေသန့်စင်စနစ်ဖြင့် ရေပေးဝေရေးကို စနစ်တကျဆောင်ရွက်ပေးရေး၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ RBF ဖြင့် အစုအဖွဲ့များ ဖွဲ့စည်းဆောင် ရွက်နေသော သင်ဖျာရက်လုပ်ခြင်းလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက်ရေး၊ စံကျောင်းစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမ အသင်းမှ အသင်းသားအသင်းသူများ လုပ်ကိုင်နေသော လယ်ဧက ၁၆၀ မိုးစပါး စိုက်ပျိုးရေးလုပ်ငန်းတွင် အထွက်တိုးစပါးမျိုး စိုက်ပျိုးရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စံပြကျေးရွာတွင် ထုတ်လုပ်နေသော EM ဘိုကာရှီ သဘာဝမြေဩဇာများကိုပါ ရောနှောအသုံးပြုရေးမှာကြားကာ ကျေးရွာသူကျေးရွာသားများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကျေးရွာသူကျေးရွာသားများ၏ အစုအဖွဲ့စနစ်ဖြင့် သင်ဖြူးဖျာရက်လုပ်ခြင်းလုပ်ငန်း၊ ကျေးရွာသောက်သုံးရေရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် အမြင့်တင်ရေစင်တည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းများ သွယ်တန်းခြင်း ဆောင်ရွက်မည့်မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်