Skip to main content

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄) ကျင်းပရေး စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မေ ၂၉

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄)ကျင်းပရေး စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးတွင် ပညာရေးညီလာခံ(၂၀၂၄) ကျင်းပရေးစီမံချက်(မူကြမ်း)ကို ညှိနှိုင်းဆွေးနွေးမည်ဖြစ်ပြီး ပညာရေးညီလာခံ(၂၀၂၄) ကျင်းပရေးစီမံချက်(မူကြမ်း)နှင့်အညီ ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းခြင်းကို အတည်ပြုပြီးပါက ဦးစီးကော်မတီအစည်းအဝေးကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဆပ်ကော်မတီ ၁၂ ခုတွင် တာဝန်ပေးအပ်မည့်အမည်စာရင်းကို ဆွေးနွေးအတည်ပြုပေးစေလိုကြောင်း၊ ထို့ပြင်စာတမ်းဖတ်ပွဲများ၏ သဘာပတိနှင့် တွဲဖက်သဘာပတိတို့ကို ရွေးချယ်ပေးကြရန်နှင့် ဝန်ကြီးဌာနအလိုက် ပြခန်းများခင်းကျင်း ပြသရေးတို့ကိုလည်း ဆွေးနွေးကြစေလိုကြောင်း၊ ပညာရေးညီလာခံ(၂၀၂၄)ကို အောင်မြင်စွာကျင်းပနိုင်ရေးဝိုင်းဝန်းလက်တွဲ၍ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄) ကျင်းပရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ကျင်းပရေးစီမံချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေ၊ ဖတ်ကြားမည့်စာတမ်းခေါင်းစဉ်များ၊ ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ညီလာခံအောင်မြင်စွာကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

သတင်းစဉ်