Skip to main content

အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများအတွက် အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်များ တင်ပြခြင်းအခမ်းအနားကျင်းပ

နေပြည်တော် မေ ၂၁

အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့အထိမ်းအမှတ်နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများအတွက် အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်များ တင်ပြခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သစ်တောဦးစီးရုံးချုပ် အင်ကြင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ၊ သဘာဝထိန်းသိမ်းရေး နယ်မြေအုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးမင်းသူက ၁၉၉၃ ခုနှစ်တွင် စတင်ကျင်းပခဲ့သော ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း (Convention on Biodiversity–CBD) အစည်းအဝေးတွင် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး ဆိုင်ရာကိစ္စများကို ပိုမိုနားလည်သဘောပေါက်စေရန် နှင့်သတိပြုမိစေရန်ရည်ရွယ်၍ နှစ်စဉ် မေ ၂၂ ရက်ကို အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြောင်း၊ ယခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်အဖြစ် “Be part of the Plan: ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရေး လူတိုင်းပါဝင်ဆောင်ရွက်ပေး” ဟုသတ်မှတ်၍ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းကို ရပ်တန့်စေရန်အတွက် ဆက်စပ်ပတ်သက်သူအားလုံး ပူးပေါင်းပါဝင်လာစေရန် တွန်းအားပေးဆောင်ရွက်မည်ဖြစ်ကြောင်း။

သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများရေးဆွဲ ခြင်းသည် သစ်တောဦးစီးဌာန၏ အဓိကအရေးကြီး လုပ်ငန်းဖြစ်သလို ဇီဝမျိုးစုံမျိုးကွဲများ ရေရှည် တည်တံ့စေရန် သဘာဝထိန်းသိမ်းရေးနယ်မြေများကို အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် ရေးဆွဲဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် ၂၀၁၅ - ၂၀၂၀ ကို ရေးဆွဲထားပြီးဖြစ်၍ စီမံချက်နှင့်အညီ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်များရေးဆွဲဆောင်ရွက်ရေး၊ ၂၀၁၉ - ၂၀၂၀ ခုနှစ်မှ ၂၀၂၈ - ၂၀၂၉ ခုနှစ်အထိ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသော တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသ ပြန်လည်တည်ထောင်ခြင်း စီမံချက်ပါလုပ်ငန်းများကို အောင်မြင်အောင် တွန်းအားပေးဆောင်ရွက်ရေးနှင့် ဒေသခံပြည်သူများ၏ အခြေခံစားဝတ်နေရေးအတွက် ကြားခံနယ်မြေ စီမံအုပ်ချုပ်ခြင်းအစီအမံကို ဒေသခံများသိရှိနားလည်ပြီး ပူးပေါင်းဆောင်ရွက်ရေး မှာကြားသည်။

ထို့နောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က “Biodiversity Convention : Be part of the Plan” ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဗီဒီယိုပြသပြီး တက်ရောက်လာသူများသည် ခင်းကျင်းပြသထားသော ပိုစတာများကို လှည့်လည်ကြည့်ရှုကြသည်။

သတင်းစဉ်