နေပြည်တော် မေ ၂၀
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးအာကာလင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့်အတူ မေ ၁၈ ရက် နံနက်ပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ချီးမြှင့်ငွေများ ပေးအပ်
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းအုပ်၊ ဒုတိယကျောင်းအုပ်၊ ဝန်ထမ်းများ၊ နည်းပြများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ မကြာမီကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် အသင့်ဖြစ်စေရန်အတွက် ကျောင်း၏ ဥပဓိရုပ်ကောင်းမွန်စေရေး၊ အိပ်ဆောင်၊ စာသင်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်တို့ကို ကြိုတင်ပြင်ဆင်ထားရှိရေးနှင့် သင်တန်းနည်းပြ ဆရာ ဆရာမများအနေဖြင့် ကျောင်း၏ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို သိရှိလိုက်နာ၍ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်မှာကြားပြီး ချီးမြှင့်ငွေများ ပေးအပ်၍ ဝန်ထမ်းများ၊ နည်းပြများ၊ ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ရေဖြူကျေးရွာအုပ်စု ရေဖြူအလယ်ရွာအနီးရှိ ဇော်ဂျီရေထွက်မှ Solar ရေတင်စနစ်ဖြင့် စိုက်ပျိုး ရေး Pilot Project လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူလယ်သမားများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးသည်။
ဆက်လက်၍ ပင်းတယမြို့နယ် ပင်းတယ - ရပ်စောက် ကားလမ်းမှ ရှစ်သောင်းလေးထောင်ဘုရား - ရေဖြူကျေးရွာ အဝင်လမ်း ၁ မိုင် ၂ ဖာလုံ ကျောက်ဖြုန်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် သစ်အယ်ပင် - ထယ်သွန်းလမ်း ၂ မိုင် ၄ ဖာလုံအနက် ၁ မိုင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးကာ လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မေ ၁၉ ရက် နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ဆိုက်ခေါင်) သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဆိုက်ခေါင်) သို့ရောက်ရှိပြီး ကျောင်းအုပ်၊ ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြား၍ ချီးမြှင့်ငွေများ ပေးအပ်ကာ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများနှင့်အတူ နေ့လယ်စာသုံးဆောင်ခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လူငယ်သင်တန်းကျောင်း (ဆိုက်ခေါင်) ကျောင်းအပြင်ပတ်လမ်းနှင့် ဆိုက်ခေါင်အားကစားကွင်း အဝင်အထွက်လမ်း အမာခံလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ဆိုက်ခေါင်အားကစားကွင်းနှင့် ပွဲကြည့်စင်များကို ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဟိုပုံးမြို့နယ် မဲနယ်တောင်တန်းဒေသနှင့် လွယ်မောတောင်တန်းဒေသများ၌ အစားထိုးဖွံ့ဖြိုးမှုလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသော လမ်းကွန်ရက်ဖောက်လုပ်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကောင်းကလွန်း- လွယ်မိုင်းတောင် (ပွိုင့် ၈၂၆၃) ၂ မိုင် ၆ ဖာလုံ မြေလမ်းသစ်ဖောက်လုပ်ခြင်းနှင့် Box Culvert လေးစင်း တည်ဆောက်ခြင်း၊ ပန်ကလ - ဒုံလိတန် ၃ မိုင် ၂ ဖာလုံ မြေလမ်းဖောက်လုပ်ပြီးစီးမှု၊ ကွန်ကရစ်တံတား သုံးစင်းနှင့် Box Culvert ၁၇ စင်း တည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ရှိသူများက လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က လိုအပ်သည်များမှာကြားပြီး လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး၍ ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို ရှင်းလင်းမှာကြားသည်။
ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အောင်ပန်းမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ ကျင်းပသည့် လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး သင်တန်းကို ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများကို ချီးမြှင့်ငွေများ ပေးအပ်ပြီး ဘာသာရပ်အလိုက် လေ့ကျင့်ပို့ချနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိသည့် သင်ထောက်ကူပစ္စည်းများ၊ အိပ်ဆောင်၊ စားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
လိုအပ်သည်များမှာကြား
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ် နန်းသဲ - တောင် လား - တောင်ကွဲ - နန်းတိုင်းသွားလမ်း ၁၅ မိုင် ၅ ဖာလုံပေါ်တွင် ကတ္တရာလမ်း ၁ မိုင် ၄ ဖာလုံ၊ Box Culvert ငါးစင်းနှင့် အလျားပေ ၃၀ ကျောက်စီမြေထိန်းနံရံ ကျောက်စီရေမြောင်း ဆောင်ရွက်ပြီးစီးမှုနှင့် ရွှေမင်းဖုန်း ကျေးရွာအုပ်စု ဟင်းခါး ကုန်း - ဆင်တောင် - ခွေးရုပ်သွားလမ်း ၅ မိုင် လမ်းတာချဲ့ခြင်းနှင့် Box Culvert ကိုးစင်း တည်ဆောက်ပြီးစီးမှု လုပ်ငန်းခွင်များသို့ ရောက်ရှိပြီး ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် လိုအပ်သည်များ မှာကြားသည်။
များစွာအထောက်အကူပြုမည်
အဆိုပါလမ်းပိုင်းအား ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ကလောမြို့နယ်အတွင်းရှိ ကျေးရွာ ၄၅ ရွာမှ ဒေသခံတိုင်းရင်းသားလူဦးရေ ၁၃၁၄၅ ဦးတို့အတွက် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် ဒေသတွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်