နေပြည်တော် မေ ၂၀
၂၀၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ် (လေ) ကိုယ်စား လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်ချုပ် ဝင်းမောင်သိန်းနှင့် တပ်မတော်(လေ)မှ အရာရှိ/ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အသင်းများ၊ ဖိတ်ကြားထားသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ ဌာနချုပ်မှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့်အတူ အဖွင့်ပွဲစဉ်ဖြစ်သည့် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်အသင်းနှင့် နေပြည်တော်လေတပ်စခန်း အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း ဘော်လီဘောပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကွပ်ကဲမှုအောက်ရှိ လေတပ်စခန်းဌာနချုပ်၊ လေတပ်စခန်းအသီးသီးမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း(၁၅)သင်းနှင့် အမျိုးသမီးအသင်း(၁၂)သင်းတို့ဖြင့် မေလ ၃၁ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။