Skip to main content

နေပြည်တော်ကောင်စီနယ်မြေ၌ မွေးမြူရေးထွက်ကုန်ပစ္စည်းထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး မွေးမြူရေးဇုန်များ ဖော်ထုတ်လျက်ရှိ

နေပြည်တော် မေ ၁၈

နေပြည်တော်ကောင်စီနယ်မြေ၌ မွေးမြူရေးထွက်ကုန် အသား၊ ဥ၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် တပ်ကုန်းမြို့နယ် ကံကြီးကျေးရွာ၊ သပြေချောင်းကျေးရွာနှင့် လယ်ဝေးမြို့နယ် ပြောင်းခေါင်းကြီးကျေးရွာ၊ မင်းပြင်ကျေးရွာတို့တွင် မွေးမြူရေးဇုန်များဖော်ထုတ်၍ မွေးမြူရေးတောင်သူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အောင်မြင်စွာမွေးမြူ လုပ်ကိုင်နိုင်ကြစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက လိုအပ်ချက်များ ကူညီပံ့ပိုးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကံကြီး မွေးမြူရေးဇုန်နှင့် ရွှေမြို့ မွေးမြူရေးဇုန်များအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 ထိုသို့စစ်ဆေးစဉ် မွေးမြူရေးတောင်သူများ ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်အတွေ့အကြုံများကို ရင်းနှီးခင်မင်စွာမေးမြန်းပြီး နိုင်ငံတော်အစိုးရ၏ စားရေရိက္ခာဖူလုံပိုလျှံရေး အလေးထားဆောင်ရွက်နေမှု၊ မိမိတို့ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့် မွေးမြူသူများ၏အခက်အခဲများကို ဇုန်တာဝန်ခံနှင့် တာဝန်ရှိသူများကို တင်ပြ၍ အကူအညီရယူနိုင်မှု၊ မြေယာအသုံးပြုခွင့်၊ လုပ်ကိုင်ခွင့်များကို ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် မွေးမြူရေးဇုန်ဆိုင်ရာ ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဇုန်အတွင်းအကောင်အထည်ဖော် ဆောင်ရွက် နိုင်ခြင်းမရှိသောနေရာများတွင် အမှန်တကယ် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသူများ လုပ်ပိုင်ခွင့်ရရှိရေး စီမံဆောင်ရွက်နေမှုအခြေအနေများ၊ မွေးမြူရေးထွက်ကုန်များ၏ ဈေးကွက်အလားအလာနှင့် ထုတ်လုပ်မှု တိုးမြှင့်နိုင်ရေးအခွင့်အလမ်းများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မွေးမြူရေးတောင်သူများ ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းရှင်များ၏ တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင်တို့က ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးနှင့် မွေးမြူရေး အခြေခံကုန်ထုတ်လုပ်မှု တိုးမြှင့်နိုင်ရေးအတွက် သတ်မှတ်ဇုန်လေးခုတွင် ဒေသနွား၊ နို့စားနွား၊ အသားတိုးဝက်၊ သိုး၊ ဆိတ်နှင့် ကြက်များ မွေးမြူလုပ်ကိုင်လျက်ရှိပြီး ဒေသ၏ အသား၊ ဥ၊ နို့စားသုံးမှုအပြင် တိုင်းဒေသကြီး ပြည်နယ်အသီးသီးသို့လည်း တင်ပို့ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူရေးအလုပ်ရုံသို့ သွားရောက်ပြီး မြန်မာနိုင်ငံ ပျားလုပ်ငန်းအသင်းက မေလပထမပတ်အတွင်း ပြည်ပမှတင်သွင်းလှူဒါန်းထားသည့် ပျားဘုရင်မများကို ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းနှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဥအုနှုန်း ကျဆင်းလာသည့် ပျားဘုရင်မများနေရာတွင် အစားထိုးလဲလှယ်နိုင်ရေး၊ ပျားအုံများတိုးပွားရေးနှင့် နေကြာစိုက်ခင်းများတွင် စနစ်တကျ အသုံးပြုသွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်