Skip to main content

ဒုတိယဝန်ကြီး ဒေါ်နုမြဇံ မြန်မာနိုင်ငံပြတိုက်များဥပဒေကို ပြင်ဆင်ဖြည့်စွက်နိုင်ရေး (၂/၂၀၂၄) ညှိနှိုင်းအစည်းအဝေး တက်ရောက်

ရန်ကုန် မေ ၁၇

မြန်မာနိုင်ငံပြတိုက်များ ဥပဒေကို ပြင်ဆင်ဖြည့်စွက်နိုင်ရေး (၂/၂၀၂၄) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားပြတိုက်(ရန်ကုန်) ဘက်စုံအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ​ဒုတိယဝန်ကြီးဒေါ်နုမြဇံက မြန်မာနိုင်ငံ ပြတိုက်များဥပဒေ ထွက်ပေါ်လာရေး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနတို့သည် အဓိကတာဝန်ယူဆောင်ရွက်နေသည့်ဌာန ဖြစ်သကဲ့သို့ မြန်မာနိုင်ငံတွင်ရှိသော ပြတိုက်များအားလုံးကို စနစ်တကျစီမံခန့်ခွဲနိုင်ရန်အတွက် မြန်မာနိုင်ငံပြတိုက်များဥပဒေကို ပြဋ္ဌာန်းရန်လိုအပ်လျက်ရှိပါကြောင်း၊ ယနေ့ကျင်းပသည့် အစည်းအဝေးတွင် အမျိုးသားပြတိုက်ဥပဒေကိုရေးဆွဲရာ၌ မြန်မာနိုင်ငံရှိ ပြတိုက်များ၏ အခန်းကဏ္ဍတွင် အမျိုးသားပြတိုက်များက ဦးဆောင်ဦးရွက်ပြုနိုင်စေရန် ရည်ရွယ်၍တက် ရောက်လာကြသည့် ပြတိုက်ပညာရှင်များနှင့် ပြတိုက်ပြခန်းဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးကြရန် ပြောကြားသည်။

နိဂုံးချုပ်အမှာစကား ပြောကြား

ထို့နောက် အမျိုးသားပြတိုက်(နေပြည်တော်) ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံပြတိုက်များ ဥပဒေ(မူကြမ်း)ကို ပြင်ဆင်ဖြည့်စွက်နိုင်ရန်တင်ပြပြီး အစည်းအဝေးတက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြကာ ဒုတိယဝန်ကြီးက ဥပဒေအချောပေါ်ထွက်နိုင်ရေး ဆက်လက်ဝိုင်းဝန်းဆောင်ရွက်ပေးကြပါရန် နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးသို့ ရောက်ရှိပြီး ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များနှင့်အတူ ဆံတော်မြတ်ရတနာအားဖူးမြော်၍ ဆံတော်တွင်း ဗုဒ္ဓပြတိုက်ကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် ဒုတိယဝန်ကြီးနှင့် ဂေါပကအဖွဲ့ဝင်များသည် ဘုရားဖူးလမ်းညွှန်လုပ်ငန်းကော်မတီ (Pagoda Digital Directory Committee) ခန်းမသို့ ရောက်ရှိရာ ရုံးအဖွဲ့မှူးက ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီ၏ ဘုရားဖူးလမ်းညွှန်ဆိုင်ရာ အချက်အလက် (Pagoda Digital Directory)များနှင့်ပတ်သက်၍ ရှင်းလင်းပြသမှုကို ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် ဂေါပကအဖွဲ့ဝင်များသည် ဗိုလ်တထောင်ဘုရား ပြတိုက်အမှတ်(၂)သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်