နေပြည်တော် မေ ၁၇
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အသီးသီးတွင် တက်ရောက်သင်ကြားကြမည့် ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများအတွက် ပညာသင်စရိတ်ထောက်ပံ့ပေးအပ် ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းမိသားစုဝင်များမှ ထူးချွန်ထက်မြက်သည့် ပညာတတ်အနာဂတ် မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန် အခြေခံပညာမူလတန်းအဆင့်မှ တက္ကသိုလ်အဆင့်အထိ ပညာသင်ကြားလျက်ရှိကြသည့် ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးများကို နှစ်စဉ်ချီးမြှင့်ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဝန်ကြီးဌာနဝန်ထမ်းများ၏ သားသမီးများအနက် အခြေခံပညာမူလတန်းအဆင့်မှ တက္ကသိုလ်အဆင့်အထိ တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၁၀ တို့အတွက် ပညာသင်စရိတ်များ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း။
ကျောင်းသား ကျောင်းသူများအနေဖြင့် အနာဂတ်တွင် တိုင်းပြည်တာဝန်ကို ပခုံးပြောင်း တာဝန်ယူကြမည့်သူများဖြစ်သည့်အတွက် အကျင့်စာရိတ္တနှင့် စည်းကမ်းကောင်းမွန်သည့် ခေါင်းဆောင် ကောင်းများဖြစ်အောင် ပညာကိုကြိုးစားသင်ယူကြရမည်ဖြစ်ကြောင်း၊ စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်ကိုနှလုံးသွင်းပြီး အနာဂတ်နိုင်ငံတော်အတွက် နိုင်ငံအကျိုးကို အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေဖြင့် သယ်ပိုးထမ်းရွက်နိုင်အောင် စဉ်ဆက်မပြတ် ကြိုးစားကြစေလိုကြောင်း၊ ထူးချွန်ထက်မြက် လိမ္မာယဉ်ကျေးပြီး ဝေဖန်ပိုင်းခြားသိမြင်တတ်သည့် အနာဂတ်လူချွန်လူကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်မည့်တက္ကသိုလ်နှင့် အထက်တန်း ကျောင်းသား ကျောင်းသူများကိုယ်စား ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဒုတိယနှစ် ကျောင်းသား မောင်ကျော်ဇင်ဝင်းနှင့် Grade-12 ကျောင်းသူ မအေးမြတ်နိုးခင်တို့ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများ ကိုယ်စား Grade-7 ကျောင်းသူ မပိုပိုမင်းထွန်းနှင့် Grade-4 ကျောင်းသူ မအိမ့်မှူးအလင်္ကာတို့ကိုလည်းကောင်း ပညာသင်ထောက်ပံ့စရိတ်များ ပေးအပ်ချီးမြှင့်ကြရာ ကျောင်းသားကျောင်းသူများကိုယ်စား Grade-12 ကျောင်းသူမအေးမြတ်နိုးခင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်