Skip to main content

ဘေဂျင်းလုပ်ငန်းစီမံချက်၏ လုပ်ငန်းနယ်ပယ် ၁၂ ရပ် အကောင်အထည်ဖော် ဆောင်ရွက်မှုများအပေါ် နိုင်ငံအဆင့်လေ့လာသုံးသပ်မှုအစီရင်ခံစာ BPFA + 30 တင်သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် မေ ၁၇

ဘေဂျင်းလုပ်ငန်းစီမံချက်၏ လုပ်ငန်းနယ်ပယ် ၁၂ ရပ် အကောင်အထည်ဖော် ဆောင်ရွက်မှုများအပေါ် နိုင်ငံအဆင့်လေ့လာ သုံးသပ်မှု အစီရင်ခံစာ BPFA + 30 တင်သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women– NSPAW) လုပ်ငန်းကော်မတီ(၁၂)ရပ်တွင် ပါဝင်သောဌာနများမှ တာဝန်ရှိသူများ၊ အမျိုးသမီး အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဘေဂျင်းကြေညာစာတမ်းနှင့် လုပ်ငန်းစီမံချက်သည် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် ကျား၊ မရေးရာ တန်းတူညီမျှရေးကို မြှင့်တင်အားပေးသည့် ဦးစားပေးလုပ်ငန်းနယ်ပယ် (၁၂) ရပ်ပါရှိသော ပြည့်စုံမှုရှိသည့် ကမ္ဘာလုံးဆိုင်ရာ မူဝါဒရေးရာလမ်းညွှန်မူဘောင်တစ်ရပ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဘေဂျင်းကြေညာ စာတမ်းနှင့် လုပ်ငန်းစီမံချက်အရလုပ်ငန်းစဉ်(၂)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (Myanmar National Committee on Women-MNCW)ကို မူဝါဒပိုင်းဆိုင်ရာ ကတိကဝတ်များ ပိုမိုအားကောင်းလာစေရန်အတွက် ဒုတိယဝန်ကြီး အဆင့်ရှိပုဂ္ဂိုလ်များနှင့် ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း ၂၀၁၃-၂၀၂၂ ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခု အခါမဟာဗျူဟာစီမံကိန်း ၂၀၂၃-၂၀၃၂ ကို အတည်ပြု ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံအနေနှင့် ယခင်က ၂၀၁၄-၂၀၁၉ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း Beijing Plat-form for Action – BPFA အား အကောင်အထည်ဖော်ဆောင်ရွက် မှုဆိုင်ရာ နိုင်ငံအဆင့် အစီရင်ခံစာ BPFA + 25 ကို United Nations Economic and Social Commission for Asia and the Pacific- UNESCAP သို့ ၂၀၁၉ ခုနှစ် ဇွန် ၁၆ ရက်တွင် တင်သွင်းခဲ့ပြီးဖြစ်ပါကြောင်း၊ BPFA + 30 အစီရင်ခံစာကို ၂၀၁၉ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် မတ်လအထိ မြန်မာနိုင်ငံ၏ Beijing Declaration and Platform for Action (BPFA) အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ အချက်အလက်များအား ရေးသားပြုစုကာ တင်သွင်းမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ပါဝင်ဆောင်ရွက်ခွင့်များနှင့်ပတ်သက်၍ မိမိတို့၏ဆောင်ရွက်ချက်များကို နိုင်ငံတကာသို့ အသိပေးနိုင်မည့် အစီရင်ခံစာဖြစ်သဖြင့်သက်ဆိုင်ရာ ဌာနအသီးသီးက အချက်အလက်များ ပြည့်ပြည့်စုံစုံဖော်ပြပေးပါရန်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အစည်းအ‌ဝေးတက်ရောက်လာသူများက BPFA+ 30 နိုင်ငံအဆင့် အစီရင်ခံစာ (Zero Draft) ရေးသားပြုစုထားမှု အခြေအနေနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြခဲ့ကြပြီး BPFA အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ပြီးခဲ့သည့် ငါးနှစ်အတွင်း နိုင်ငံ၌ ဦးစားပေးဆောင်ရွက်ခဲ့သည့် လုပ်ငန်းနယ်ပယ်ငါးရပ်နှင့် နောင်လာမည့် ငါးနှစ်အတွင်း ဦးစားပေးလုပ်ဆောင်မည့် လုပ်ငန်းနယ်ပယ် ငါးရပ်တို့ကို ရွေးချယ်သတ်မှတ် ပေးခဲ့ကြသည်။

အစည်းအဝေးတွင် ဌာနဆိုင်ရာနှင့် အဖွဲ့အစည်း ၄၈ ခုမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်