Skip to main content

မြန်မာ - တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ်မှ တရုတ်ခရီးသွားများ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသသို့ လာရောက်လေ့လာကြပြီး သစ်ပင်စိုက်ပျိုးပွဲတော်တွင် အမှတ်တရသစ်ပင်များ စိုက်ပျိုးခဲ့

ညောင်ဦး မေ ၁၇

မြန်မာ - တရုတ်ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ်အဖြစ် လိုက်ပါလာသည့် တရုတ်ခရီးသွားများသည် မေ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း သမိုင်းဝင်အထင်ကရဘုရားများ ဖူးမြော်လေ့လာကြပြီး သစ်ပင်စိုက်ပွဲတော်တွင် သစ်ပင်များစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြန်မာ - တရုတ် ခရီးသွားမြှင့်တင်ရေးအဖွဲ့နှင့် ပူးပေါင်း၍ တရုတ်ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (FAM Trip)သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ပုဂံခရီးစဉ်ဒေသသို့ ရောက်ရှိလာပြီး အာနန္ဒာဘုရား၊ ဓမ္မရံကြီးဘုရား၊ သဗ္ဗညုဘုရားတို့အား ဖူးမြော်လေ့လာကြပြီး ဦးဘငြိမ်း မြန်မာ့လက်မှု ယွန်းထည်လုပ်ငန်းအား လေ့လာခြင်းနှင့်အရောင်းပြခန်းရှိ ယွန်းထည်ပစ္စည်းများကို ကြည့်ရှုလေ့လာကြကာ ညနေပိုင်းတွင် နန္ဒာစားသောက်ဆိုင်ရှိ မြန်မာ့ရိုးရာ အမြင့်သဘင်ရုပ်သေးဖြင့် ကပြဖျော်ဖြေမှုများကို လေ့လာကြသည်။ မေ ၁၇ ရက် နံနက် ၇ နာရီတွင် အမှတ်(၆) ရပ်ကွက်ရှိ အောင်မြေသာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း အမှတ်တရသစ်ပင်များစိုက်ကြရာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ အဖွဲ့ဝင်ဦးဆန်းထွန်းဦး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်တို့က မြန်မာ - တရုတ် ခရီးသွားမြှင့်တင်ရေးအဖွဲ့ တရုတ်နိုင်ငံသူနိုင်ငံသားများ သစ်ပင်စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ရွှေစည်းခုံဘုရားနှင့် မနူဟာဘုရားတို့အား ဖူးမြော်လေ့လာကြပြီး အမှတ်(၅)ရပ်ကွက်ရှိ ရွှေဂူမိဘမဲ့ပရဟိတဘုန်းတော်ကြီးသင်ပညာရေး မူလွန်ကျောင်းရှိ ကျောင်းသား ကျောင်းသူများအား စာရေးကိရိယာများ ပေးအပ်ကြသည်။ ထို့နောက် ညောင်ဦးမြို့ မဏိစည်သူဈေးကို ဆက်လက်လေ့လာကြပြီး ညနေပိုင်းတွင် နန်းမြင့်မျှော်စင်ပေါ်မှ ပုဂံဒေသ၏ နေဝင်ဆည်းဆာအလှကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဒီပါလင်း