Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် မေ ၁၅

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် AA သောင်းကျန်းသူများ၏ အကြမ်းဖက်ဖြစ်စဉ်တိုက်ပွဲများကြောင့် ယင်းဒေသ၌ တာဝန်ထမ်းဆောင်နေသည့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဝန်ထမ်းများအား စစ်တွေမြို့သို့ ယာယီရွှေ့ပြောင်းထားရှိမှုနှင့် Unique ID ကတ်စိစစ်ဆောင်ရွက်ပေးမှုအခြေအနေ၊ ၎င်းတို့အနက် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ကိုင်ဆောင်ထားသည့် ကုလသမဂ္ဂဝန်ထမ်းအချို့ကို ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးရရှိရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည့်အခြေအနေ၊ ခရီးသွားလာခွင့်နှင့် ယာယီနေထိုင်ခွင့်တောင်းခံထားသည့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် မိသားစုများအတွက် ခွင့်ပြုချက်ရရှိနိုင်ရေး ဆောင်ရွက်ရမည့်နည်းလမ်း၊ ဝန်ကြီးဌာနအနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ငန်းများအဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးနေမှုအပေါ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ရှိသူများအနေဖြင့်လည်း ၎င်းတို့၏ဝန်ထမ်းများကို စနစ်တကျထိန်းသိမ်းကြပ်မတ်၍ ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေး အခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်