ရန်ကုန် မေ ၁၅
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ဆင်ဟွာသတင်းအေဂျင်စီတို့ လုပ်ငန်းသဘောတူညီချက် Service Provision Agreement သတင်းဝန်ဆောင်မှု အသုံးပြုခြင်း စည်းကမ်းချက်ဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်အားပေးသည်။
လက်မှတ်ရေးထိုး
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဆင်ဟွာသတင်းအေဂျင်စီ၊ အာရှ-ပစိဖိတ်ဒေသဆိုင်ရာဗျူရို၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Li Kai တို့က မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ဆင်ဟွာသတင်းအေဂျင်စီတို့ လုပ်ငန်းသဘောတူညီချက် Service Provision Agreement ကို (မြန်မာ-အင်္ဂလိပ်) နှစ်ဘာသာဖြင့် လက်မှတ်ရေးထိုးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆင်ဟွာသတင်းအေဂျင်စီ၊ အာရှ-ပစိဖိတ် ဒေသဆိုင်ရာဗျူရို၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ရာ ဆင်ဟွာသတင်းအေဂျင်စီအဖွဲ့မှလည်း အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆင်ဟွာသတင်းဌာန (XINHUA NEWS AGENCY) ကို ၁၉၃၁ ခုနှစ်တွင် Red China News Agency အနေဖြင့် စတင်ဆောင်ရွက်ခဲ့ရာမှ ၁၉၃၅ ခုနှစ်အတွက် လက်ရှိအမည်ဖြင့် ပြောင်းလဲဆောင်ရွက်ခဲ့သော နိုင်ငံပိုင်သတင်းဌာနတစ်ခုဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ သတင်းဗျူရို ၁၈၀ ဖွင့်လှစ်၍ ဝန်ထမ်းအင်အား တစ်သောင်းကျော်ဖြင့် သတင်းရယူပြီး တရုတ်နိုင်ငံတွင် ဘာသာစကားခြောက်မျိုးနှင့် နိုင်ငံတကာတွင် ဘာသာစကားရှစ်မျိုး စုစုပေါင်းဘာသာစကား ၁၄ မျိုးဖြင့် News Media အသုံးပြု၍ ထုတ်လွှင့်နေခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့ သတင်းဌာန၏ မူဝါဒမှာသတင်းအကြောင်းအရာများ မှန်ကန်ခြင်းနှင့် မျှတခြင်းဖြစ်ပြီး ၎င်းတို့ သတင်းများကို ပြည်တွင်း၊ ပြည်ပနိုင်ငံများသို့ ဖြန့်ဖြူးရောင်းချခြင်း၊ သတင်းဖလှယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ MRTV နှင့် သတင်းများ အခမဲ့ဖလှယ်အသုံးပြုရန် ဆောင်ရွက်ခြင်းဖြစ်ပြီး ဆက်လက်၍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန် လုပ်ငန်းသဘောတူညီချက် Service Provision Agreement ကို ဦးစွာလက်မှတ်ရေးထိုး ဆောင်ရွက်ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စတူဒီယို(အေ) ၌ Myanmar International (MI) Channelမှ အပတ်စဉ် တင်ဆက်လျက်ရှိသည့် Quiz Time အစီအစဉ်ရိုက်ကူးမှုကို ကြည့်ရှုအားပေးပြီး ယင်းအစီအစဉ်တွင် ပါဝင်ကြသည့် ဝူရှူး(ထိုက်ချိ)သရုပ်ပြသူ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း (ကမာရွတ်) Grade-7 မှ မမြဖူးယသော်နှင့် ကီးဘုတ်တီးခတ်သူ Mercury Private School Grade-10 မှ မမိုးသဲနွယ်တို့ကို နှုတ်ဆက်ပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စတူဒီယို (ဘီ) ၌ နိုင်ငံတော်သံစုံတီးဝိုင်း၏ နိုင်ငံတကာသီချင်းများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်သည်။
ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စတူဒီယို(၁)၌ မေ ၁၈ ရက်တွင် ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ အစီအစဉ်အဖြစ်ထုတ်လွှင့်မည့် “ရှာဖွေသုတပညာမျှ ပြတိုက်များကဏ္ဍ” စကားဝိုင်းဆွေးနွေးပွဲ ရိုက်ကူးနေမှုကို ကြည့်ရှုအားပေးပြီး ယင်းအစီအစဉ်တွင် ပါဝင်ဆွေးနွေးကြသည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သည့်အဖွဲ့အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ဆက်လက်၍ စတူဒီယို(၂)၌ ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ထုတ်လွှင့်မည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ သာသနာ့ဝေပုလ္လကျောင်းတိုက်ဦးစီး ပဓာနနာယဆရာတော် ဘဒ္ဒန္တကောဝိဒ (အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ) ၏ တရားတော် ရိုက်ကူးထုတ်လွှင့်ရန် ပြင်ဆင်ထားရှိမှုကို ကြည့်ရှုသည်။
ဂီတပညာရှင်များအား စုစည်းတွေ့ဆုံ
မွန်းလွဲပိုင်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအစည်းအဝေးခန်းမ၌ ဂီတအကယ်ဒမီဆုပေးပွဲ ပြုလုပ်နိုင်ရန်အတွက် ဂီတအနုပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) မှ တာဝန်ရှိသူများနှင့် သီးခြားဖိတ်ကြားထား သော ဂီတပညာရှင်များအား စုစည်းတွေ့ဆုံ၍ ဂီတလောကမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးနိုင်ရန်ဖြစ်ပါကြောင်း၊ ယခုအခါ ဂီတလောကသားများအနေဖြင့် ဂီတစွမ်းရည်ကို စုစည်းပြသရန် အချိန်အခါသင့်ပြီဟုမြင်ပါကြောင်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ အကြံပြုတင်ပြလာသည့် ၂၀၂၄ ခုနှစ် ဇွန် ၂၇ ရက်တွင် မြန်မာနိုင်ငံဂီတနေ့အခမ်းအနားကို ဂီတသမားများအားလုံးပူးပေါင်းပါဝင်ဆင်နွှဲနိုင်ရန်နှင့် ခမ်းနားထည်ဝါစွာ၊ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြစေလိုပါကြောင်း၊ တစ်ဆက်တည်းတွင် ဂီတအကယ်ဒမီဆုပေးပွဲ (Music Academy Awards) ကျင်းပရေးနှင့် ပတ်သက်၍ ဂီတလောကသားများ၏ တူညီသောဆန္ဒနှင့် စိတ်အားထက်သန်မှု၊ ရွေးချယ်ပေးအပ်မည့် ဆုအမျိုးအစားအရေအတွက်နှင့် ဆုချီးမြှင့်ရန်ပမာဏ၊ ဆုရွေးချယ်စိစစ်ရေးအဖွဲ့နှင့် ရွေးချယ်မှုစနစ်ပုံစံ စသည်ဖြင့် အသေးစိတ်ဆွေးနွေးကြစေလိုပါကြောင်း၊ ဆက်လက်၍ ဂီတလောကမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုဖော်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံဂီတအစည်းအရုံးကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းသွားရန်နှင့် လုပ်ငန်းစဉ်များ သတ်မှတ်ဖော်ဆောင်နိုင်ရန်တို့အတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) (ယာယီအမှုဆောင်အဖွဲ့) ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် တာဝန်ရှိသူများ၊ သီးခြားဖိတ်ကြားထားသော ဂီတပညာရှင်များက မြန်မာ့ဂီတနေ့ကျင်းပရေး၊ ဂီတအကယ်ဒမီဆုပေးပွဲ (Music Academy Awards) ကျင်းပနိုင်ရန်နှင့် ဂီတလောကဖွံ့ဖြိုးတိုးတက်ရေးတွင် မြန်မာနိုင်ငံဂီတအစည်းအရုံး ယာယီအမှုဆောင်အဖွဲ့ကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုမှုတို့ကို အသီးသီးဆွေးနွေးတင်ပြကြရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ဌာနမှ ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် လုပ်ငန်းစဉ်များအား ပြန်လည်ရှင်းလင်းဆွေးနွေးတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ဂီတနေ့ကို ရန်ကုန်မြို့၌ ၂၀၂၄ ခုနှစ် ဇွန် ၂၇ ရက်တွင် ဂီတလောကသားများအားလုံး စုစည်းညီညွတ်စွာ၊ အောင်မြင်အောင်ဆောင်ရွက်နိုင်ခြင်းဖြင့် ဂီတစွမ်းရည်ကို ပြသနိုင်ရန်ဖြစ်ပါကြောင်း၊ ဂီတအကယ်ဒမီဆုပေးပွဲကို ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကျင်းပလိုမှုအပေါ် အချိန်မီဆောင်ရွက်နိုင်ရေး အခြားဂီတပညာရှင်များကို ဖိတ်ခေါ်၍ အကြံဉာဏ်ရယူပြီး အသေးစိတ်စီစဉ်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံးကိုလည်း ဂီတလောကသားများ၏ဆန္ဒဖြင့် အကောင်းဆုံးဖြစ်အောင် ဖွဲ့စည်းဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်