ရန်ကုန် မေ ၁၂
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ၏ (၁၁၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံစေတီတော်ကုန်းမြေရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) ရုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မော်ကျွန်းဆရာတော် တိပိဋကဓမ္မဘဏ္ဍာဂါရိက ဒေါက်တာဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်ကြီးများထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူကြသည်။
ဆက်ကပ်လှူဒါန်း
ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ပြည်နယ်/တိုင်းဒေသကြီးဥက္ကဋ္ဌများ ညှိနှိုင်းရေးမှူး ဦးပြည်စိုးဟန်က အသင်းကြီး၏ ဆောင်ရွက်ချက်များကို လျှောက်ထားပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် ဇနီး၊ တာဝန်ရှိသူများက အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များအား နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် YMBA အသင်းနှင့် ဆရာတော်ကြီးများအတွက် ဓမ္မသံတော်ဆင့် စာပေထုတ်ဝေသူ ဦးကျော်စွာဝင်းမိသားစုက ဓမ္မသံတော်ဆင့်စာစောင်ပေါင်းချုပ်များ၊ သာသနာဝင်စာအုပ်များနှင့် သုတ/ ရသစာအုပ်များကို လှူဒါန်းသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက မော်ကျွန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တသီလက္ခန္ဓာထံမှ သြဝါဒကထာနှင့် အနုမောဒနာတရားနာကြားပြီး ဗုဒ္ဓသာသနံစိရတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
၁၉၀၆ ခုနှစ်တွင် စတည်တည်ထောင်ခဲ့သော ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA သည် ယခု ၂၀၂၄ ခုနှစ်တွင် ၁၁၈ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
သတင်းစဉ်