နေပြည်တော် မေ ၈
တပ်မတော်(ရေ)က ၂၀၂၄ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေရှိ နေပြည်တော်စခန်း တန်းခွဲ(၁)၊ နေပြည်တော်စခန်း တန်းခွဲ(၂)၊ ရန်ကုန်တိုင်းဒေသကြီးရှိ အင်းယားရေကြောင်းလူငယ်စခန်း၊ ကိုကိုးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်း၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ်စခန်းနှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရေကြောင်းလူငယ်စခန်းတို့တွင် လှေလှော်ရွက်တိုက်ဘာသာရပ်ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ ရေယာဉ်ပေါ် လက်တွေ့လေ့လာရေးအားလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ရေကြောင်းလူငယ်စခန်းနှင့် ကျွန်းစုမြို့ရှိ ရေကြောင်းလူငယ်စခန်းတို့တွင် အခြေခံရေတပ်သားဘာသာရပ်ကိုလည်းကောင်း တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
အလားတူ တပ်မတော်(လေ)က ၂၀၂၄ အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့တွင် အခြေခံစစ်ရေးပြဘာသာရပ်၊ လေကြောင်းပညာသမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှု အခြေခံသဘောတရားဘာသာရပ်၊ လေကြောင်းဆိုင်ရာအခြေခံဗဟုသုတများ ဘာသာရပ်၊ Airfield Procedure ဘာသာရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ဇာတိသွေး၊ ဇာတိမာန်ဘာသာရပ်၊ RC လေယာဉ်/ ရဟတ်ယာဉ်မောင်းနှင်ခြင်းဘာသာရပ်နှင့် RC/ Flight Simulator မောင်းနှင်ခြင်းဘာသာရပ်များအပြင် တပ်မတော်(လေ)၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို သိရှိနားလည်စေရန် ပျံသန်းရေးအုပ်များနှင့် ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံများတွင် လက်တွေ့ကွင်းဆင်းလေ့လာခြင်းများကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
ယနေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရေကြောင်းလူငယ်စခန်းနှင့် လေကြောင်းလူငယ်စခန်းတို့၌ လေ့ကျင့်သင်ကြားနေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။