နေပြည်တော် မေ ၇
(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။
နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။
၅၄၆ တွဲ ရောင်းချ
ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၄၅၅၀ ကို နေ့ရက်အလိုက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းဖြစ်ပြီး ယနေ့တွင်ကျောက်စိမ်းအတွဲ ၉၅၀ ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၅၄၆ တွဲ ရောင်းချရကြောင်း ကြေညာသည်။
ကြေညာသွားမည်
ပြပွဲဆဋ္ဌမနေ့တွင် ရောင်းချမည့်ကျောက်စိမ်းအတွဲပေါင်း ၉၅၀ ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးအတွင်းသို့ ထည့်သွင်းကြသည်။ အဆိုပါ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီ တွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား မေ ၈ ရက် နံနက် ၈ နာရီတွင် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျောက်စိမ်းအတွဲများ တင်ဒါဖွင့်ဖောက်စစ်ဆေးနေမှုကို လိုက်လံကြည့်ရှုအားပေးသည်။
(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျန်ရှိနေသည့်ကျောက်စိမ်းတွဲများကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ မေ ၁၂ ရက်အထိ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်