Skip to main content

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး ပြန်လည်နေရာချ ထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကော်မတီ၏ (၃) နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၇

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကော်မတီ၏ (၃)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့ ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing  စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် UEHRD ကော်မတီ၊ ဒုတိယဥက္ကဌ(၂)၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်က UEHRD ကော်မတီအား ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ (၁၇) ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ စတင်ဖွဲ့စည်းခဲ့စဉ်မှစ၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက်ပေးရေး၊ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည် ထူထောင်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေး စသည့်လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အဓိကထား၍ UEHRD ကော်မတီကို ပြည်ထောင်စုစီမံကိန်းအနေဖြင့် ဖွဲ့စည်းခဲ့ ကြောင်း၊ ကော်မတီရည်ရွယ်ချက်များအရ လုပ်ငန်းပမာဏ များပြားကျယ်ပြန့်လာ သောကြောင့် စနစ်တကျနှင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် အဖွဲ့ဝင်များကို အဆင့်ဆင့် တိုးချဲ့ဖွဲ့စည်း ခဲ့ရာ စုစုပေါင်းအဖွဲ့ဝင် (၈)ဦးအထိရှိခဲ့ပြီး  UEHRD ကော်မတီစတင်ဖွဲ့စည်းစဉ်မှစ၍ ပါဝင်ခဲ့သော Task Forces (၁၀)ဖွဲ့ကလည်း ပူးပေါင်း ဆောင်ရွက်နေပါကြောင်း၊ ယခုလာမည့် အောက်တိုဘာလတွင်  ကော်မတီဖွဲ့စည်းမှု (၃)နှစ်ပြည့်မြောက်မည်ဖြစ်၍ (၃)နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို မှတ်တမ်းတင်ခြင်း၊ အားနည်းချက်၊ အားသာချက် များဖော်ထုတ်ကာ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် နှစ်ပတ်လည်အထိမ်းအမှတ်တစ်ခု ပြုလုပ်ရန်ရည်ရွယ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန် ချက်များနှင့် ကိုက်ညီအောင်ဆောင်ရွက် မည်ဖြစ်ကြောင်း၊ ယနေ့ အစည်းအဝေးတွင် အထိမ်းအမှတ် အခမ်းအနားကျင်းပနိုင်ရေး၊ မှတ်တမ်းတင် အစီရင်ခံစာနှင့် ရုပ်သံမှတ်တမ်း ဆောင်ရွက်နိုင်ရေးတို့အတွက် ဝိုင်းဝန်းဆွေးနွေး ပေးကြရန် ပြောကြားသည်။      

ယင်းနောက် UEHRD ကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က အခမ်းအနားကျင်းပမည့်နေ့ရက်၊ အချိန်၊ ကျင်းပမည့်အစီအစဉ်၊ မှတ်တမ်းများပြုစုဆောင်ရွက်မည့် အခြေအနေလျာထားမှုနှင့် ပြီးခဲ့သော လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်မှ ယနေ့အထိ UEHRD ရံပုံငွေ သုံးစွဲဆောင်ရွက်မှု အခြေအနေတို့ကို တင်ပြဆွေးနွေး သည်။

အစည်းအဝေးသို့ UEHRD ကော်မတီ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ ကော်မတီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဦးတိုးအောင်၊ သတင်းနှင့်ဆက်သွယ်ရေး ဒါရိုက်တာ ဦးကျော်မြိုင်၊ UEHRD၏ စီမံခန့်ခွဲမှုအရာရှိချုပ် ဦးညီငြိမ်းအေး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး UEHRD ကော်မတီ (၃)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်းနှင့် စပ်လျဉ်း၍ ဝိုင်းဝန်း ဆွေးနွေး အကြံပြုခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)