Skip to main content

မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် မေ ၆

မြန်မာနိုင်ငံ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဒေါ်နုမြဇံနှင့် ဒေါက်တာမိုးဇော်ထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးများ၊ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

အလှူငွေကျပ်သိန်းပေါင်း တစ်သောင်းကျော်နှင့် စာအုပ်စာစောင် ၈၅၅၄၀ ကို လက်ခံရရှိ

အစည်းအဝေးတွင် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးမှ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ လှူဒါန်းပွဲအခမ်းအနားကို ဧပြီ ၁၀ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာကြည့်တိုက်များတွင် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ပြုလုပ်ခဲ့ပါကြောင်း၊ ထိုသို့လှူဒါန်းမှုများမှ အလှူငွေကျပ်သိန်းပေါင်း တစ်သောင်းကျော်နှင့် စာအုပ်စာစောင် ၈၅၅၄၀ ကို လက်ခံရရှိခဲ့ပါကြောင်း။

လက်ခံရရှိခဲ့သည့် အလှူငွေနှင့် စာအုပ်စာစောင်များကို စနစ်တကျ သုံးစွဲနိုင်ရေးနှင့် ထပ်မံပြီး အလှူငွေနှင့် စာအုပ်စာစောင်များ ရရှိရေး၊ နိုင်ငံတော်ဝန်ကြီးချုပ်၏မူဝါဒဖြစ်သည့် စာဖတ်ရှိန်မြှင့်တင်ရေးတို့ကို တစ်ဆက်တည်းဆောင်ရွက်ရန် လိုအပ်လာသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထံ တင်ပြ၍ အတည်ပြုချက်ရယူပြီး “မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ” ကို ဧပြီ ၂၂ ရက်တွင် ဖွဲ့စည်းခဲ့ပါကြောင်း။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စံ ၅ ရပ် နှင့် ကိုက်ညီသည့် ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက် ၆၁၀၆ ခုရှိရာ လက်ရှိအခြေအနေအရ စာကြည့်တိုက် ၃၅၀၈ တိုက်သာကျန်ရှိပြီး ၂၅၉၈ တိုက်မှာ ရပ်နားခဲ့ရသည်ကို စိစစ်တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူခံရရှိသည့် အလှူငွေနှင့် စာအုပ်စာစောင်များကို သုံးစွဲရာတွင် လုပ်ငန်းစဉ် (၄) ရပ် သတ်မှတ်ထားရှိပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရပ်နားထားသည့် စာကြည့်တိုက်များကို ပြန်လည်ဖွင့်လှစ်ရေး လုပ်ငန်းစဉ်၊ စာကြည့်တိုက်များ အသစ်တည်ထောင်ဖွင့်လှစ်မည့်လုပ်ငန်းစဉ်၊ ပြည်သူများ စာပေဖတ်ရှုလေ့လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်းစဉ်၊ စာအုပ်စာစောင်များ ဖြန့်ဝေမည့်လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း။

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသည် စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်သည့်အတွက် လုပ်ငန်းစဉ် (၄) ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သလို ရန်ပုံငွေများ ထပ်မံရရှိရေးအတွက် လစဉ် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် လှူဒါန်းပွဲများ ကျင်းပရန် လိုအပ်ကြောင်း။

အသိပညာနှီးနှောဖလှယ်ဆွေးနွေး လှုပ်ရှားမှုများကို အပတ်စဉ် လစဉ်အလိုက် ဆောင်ရွက်ရန်လို

လူ့စွမ်းအားအရင်းအမြစ်များ ပျိုးထောင်ရေးအတွက် လူငယ်များအပါအဝင် ပြည်သူများ စာဖတ်ကြစေရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်မည့်ပတ်ဝန်းကျင် ဖန်တီးပေးနိုင်ရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ပြီး ရပ်ကွက်/ ကျေးရွာအလိုက် အသိပညာနှီးနှောဖလှယ်ဆွေးနွေးလှုပ်ရှားမှုများကို အပတ်စဉ် လစဉ်အလိုက် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို တက်ရောက်လာကြသူများအားလုံး ဝိုင်းဝန်းဆွေးနွေးအကြုံပြုပေးကြပါရန်နှင့် ကော်မတီ၏လုပ်ငန်းတာဝန်များ အောင်မြင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပြောကြားသည်။

ထို့ပြင် ဧပြီ ၃ ရက်နှင့် ၁၀ ရက်တို့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲတွင် နိုင်ငံတော်အကြီးအကဲက စာမတတ်သူသည် ထိုင်နေသည့်လူနှင့်တူပြီး စာတတ်ပြီး စာမဖတ်သည့်သူမှာ ရပ်နေသည့်လူနှင့် တူကာ စာတတ်ပြီး စာလည်းဖတ်သည့်သူမှာ လမ်းလျှောက်နေသည့်သူနှင့်တူသဖြင့် စာပေလေ့လာဖတ်ရှုရေး တိုက်တွန်းကြရန်၊ မိမိတို့နိုင်ငံသည် ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်း ရှိသည့်အတွက် ကျေးလက်ဒေသနေပြည်သူများ စာအုပ်စာပေ ဖတ်ရှုရန်နှင့် စာအုပ်စာစောင်များ လက်လှမ်းတမီထားရှိပေးရန်အတွက် စာကြည့်တိုက်များ အားပေးမြှင့်တင်ပေးရန်၊ စာတတ်သူတိုင်း စာဖတ်ကြစေရေး နှိုးဆော်တိုက်တွန်းခြင်း၊ အသိပညာပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးကြရန်နှင့် စာတတ်ရုံ၊ အတတ်ပညာပြည့်ဝရုံသာမက စဉ်းစားတွေးခေါ်ဉာဏ်နှင့် အသိပညာပြည့်ဝသည့်၊ ဗလငါးတန်ပြည့်ဝသော လူငယ်များ ပေါ်ထွက်လာစေရေး တာဝန်ရှိသူများနှင့် မိဘများ၊ ဆရာ ဆရာမများက ကြိုးစားဆောင်ရွက်ပေးရန်။

မိမိတို့နိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀၊ မြို့ပေါင်း ၄၇၁ မြို့ရှိသဖြင့် စုစုပေါင်း ၈၀၁ မြို့၊ ရပ်ကွက်ပေါင်း ၃၄၈၅ ခု၊ ကျေးရွာအုပ်စုပေါင်း ၂၃၉၁၀၊ ကျေးရွာပေါင်း ၆၃၂၁၀ ရှိသဖြင့် နိုင်ငံတွင်း၌ စာကြည့်တိုက်ပေါင်းများစွာ ဖွင့်လှစ်ပေးရန်နှင့် စာကြည့်တိုက်အင်္ဂါရပ်များနှင့် ပြည့်စုံအောင် အဆောက်အဦများနှင့် လိုအပ်သည့် အသုံးအဆောင်များ၊ စာအုပ်များ ဖြည့်ဆည်းပေးသွားရန်၊ မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြစ်ပြီး အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေသူများကို အသိပညာများပေးနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် စာကြည့်တိုက်လုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် စာကြည့်တိုက်များရှိ စာအုပ်များသည် မိမိဒေသရှိ ပညာရေးပေါ် အခြေခံ၍ အများနားလည်နိုင်သည့် စာအုပ်များဖြစ်အောင် ဆောင်ရွက်ပေးရန် (လုပ်ငန်းနယ်ပယ်အလိုက် အသိပညာများ ရရှိနိုင်သည့် စာအုပ်များကို ထားရှိပေးနိုင်ရန်လိုကြောင်း၊ ဥပမာအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများနှင့် သက်ဆိုင်သည်များ၊ ရေရရှိရေးနှင့် ရေသုံးစွဲမှုနည်းလမ်းများစသည့် ပညာရပ်များကို သိရှိနားလည်စေရေး ဆောင်ရွက်ပေးရန်လိုကြောင်း) မြန်မာစကားပုံတွင် “ရေအသက် တစ်မနက်၊ ထမင်းအသက် ခုနစ်ရက်” ဟူ၍ ဆိုရိုးစကားရှိပြီး အလားတူ စာပေအသိပညာမရှိပါက တစ်သက်လုံး အခက်အခဲအကျပ်အတည်းများနှင့် ကြုံတွေ့ရနိုင်သဖြင့် စာပေအသိပညာမရှိခြင်းနှင့် အားနည်းခြင်းတို့ကြောင့် နေ့စဉ်လူနေမှုဘဝ၌ အခက်အခဲများနှင့် ကြုံတွေ့ရင်ဆိုင်နေရသူများကို မိမိတို့မြင်တွေ့နေရကြောင်း၊ ထို့ကြောင့် ပြည်သူများ လူနေမှုပုံစံ ပြောင်းလဲတိုးတက်လာစေရေးနှင့် အနာဂတ်တွင် အသိပညာကြွယ်ဝသည့် လူ့အသိုက်အဝန်းကို ပုံဖော်တည်ဆောက်နိုင်ရေးအတွက် မိမိတို့အနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးသွားကြရန်နှင့် ထိုသို့ဆောင်ရွက်ပေးရာတွင်လည်း ခေတ္တခဏသာ ဆောင်ရွက်ခြင်းထက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားရန်၊ စာအုပ်စာပေဟူသည် မည်မျှပင် ဟောင်းနေသည်ဖြစ်စေ မဖတ်ရသေးသူများအတွက် အသစ်ပင်ဖြစ်ပြီး အသိပညာအသစ်များကို ရရှိသွားစေမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မွန်မြတ်သည့် စာပေအသိပညာလှူဒါန်းမှုများကို ဦးဆောင်နိုင်သူများက ဦးဆောင်၍ နိုင်ငံတစ်ဝန်း၌ မကြာခဏဆောင်ရွက်ပေးမည်ဆိုပါက တိုင်းပြည်အတွက် များစွာအကျိုးရှိစေမည်ဖြစ်သဖြင့် အားလုံးဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်စသဖြင့် လမ်းညွှန်မှာကြားခဲ့ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အမျိုးသားစာကြည့်တိုက် (နေပြည်တော်)၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စာကြည့်တိုက်များ၏အခြေအနေ၊ အသစ်ဆောက်လုပ်မှု၊ ပိတ်ထားသည့် စာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ e- library များအဖြစ် အဆင့်မြှင့်တင်နိုင်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ စာကြည့်တိုက်များ ဖွင့်လှစ်ဆောင်ရွက်နေမှု၊ စာကြည့်တိုက်များ အဆင့်မြှင့်တင်နိုင်ရေး၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှ စတင်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့်အခြေအနေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီဝင်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးများက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စာကြည့်တိုက်များ ဖွင့်လှစ်နေမှု၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာကြည့်တိုက်များ တည်ရှိပြီးသည့် စာကြည့်တိုက်များ ရေရှည်တည်တံ့ရေး၊ ရပ်နားစာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ်ရေး၊ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

စာကြည့်တိုက်များ ရေရှည်တည်တံ့ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆွေးနွေး

ယင်းနောက် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းဒုတိယဥက္ကဋ္ဌတို့က စာကြည့်တိုက်များ ရေရှည်တည်တံ့ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

သတင်းစဉ်