Skip to main content

ဘေးသင့်ဒေသများအမြန် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အရ ရေကြီး၊ ရေလျှံမှုကြောင့် ပျက်စီးခဲ့သော ကျေးရွာချင်းဆက် ကုန်ထုတ်တံတားငယ်များ အသစ်ပြန်လည် တည်ဆောက် နိုင်ရေးထောက်ပံ့မှုများ ပေးအပ်

နေပြည်တော် စက်တင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး၊ ရေလျှံမှုကြောင့် ပျက်စီးခဲ့ရသော ကျေးရွာချင်းဆက် ကုန်ထုတ် တံတားငယ်များ အသစ်ပြန်လည် တည်ဆောက်နိုင်ရန်အတွက် ထောက်ပံ့ခြင်းကို ယနေ့မွန်းလွဲပိုင်း၌ ကိုဗစ်-၁၉ ဆိုင်ရာ ထုတ်ပြန်ထားသည့်  စည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ထောက်ပံ့ပေးအပ်ပွဲသို့ ဘေးသင့်ဒေသများအမြန် ပြန်လည်ထူထောင်ရေးပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကျောက်တံခါးမြို့နယ်၊ အောင်မြင်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌  ပြည်သူအချို့နှင့် တွေ့ဆုံကာ အစိုးရအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊  သဘာဝဘေး ကျရောက်ပြီးချိန်တွင် ပြည်သူများခံစားရသောဘေးဒုက္ခများ အလျင် အမြန်သက်သာစေရန် ဩဂုတ်(၁၆)ရက်တွင် ဘေးသင့်ဒေသများ အမြန်ပြန်လည် ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ကို ဖွဲ့စည်းပြီး ထိရောက်သောပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့တွင် ကျောက်တံခါးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ ညှိနှိုင်းတင်ပြမှုကြောင့် ယခုလိုထောက်ပံ့မှုများ ဆောင်ရွက်နိုင်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ကိုဗစ်-၁၉ ကာလတွင် ပြည်သူများ၏ စီးပွားရေး ထိခိုက်မှုများ၊ စားဝတ်နေရေးအခက်အခဲများကို လျော့နည်းသက်သာစေရန် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု ကျယ်ပြန့်စွာ မရှိသေးသော်လည်း တစ်ဦးချင်းအနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန် ထားသော စည်းကမ်းများ၊ ညွှန်ကြားချက်များကို တိတိကျကျလိုက်နာ ကြရန်လိုအပ်ပါ ကြောင်းနှင့် ယခုလို အရေးပေါ်ထောက်ပံ့မှုများဆောင်ရွက်နိုင်ရန် ကိုဗစ်-၁၉ လိုက်နာ ရမည့် စည်းကမ်းချက်များနှင့်အညီ  ဆောင်ရွက်ပေးကြသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လိုက်နာ ဆောင်ရွက်ကြသည့် ဒေသခံများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး၊ ရေလျှံမှုကြောင့် ပျက်စီးခဲ့ရသော ခင်အင်းကြီးကျေးရွာအုပ်စု၊ အောင်မြင်ကျေးရွာမှ ခင်အင်းကြီးကျေးရွာသို့ ဆက်သွယ်ထားသော စခန်းဆိုးကျေးရွာချင်းဆက် ကုန်ထုတ်တံတား အသစ်ပြန်လည် တည်ဆောက်နိုင်ရန်  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရန်ပုံငွေမှ ငွေကျပ် (၉ ဒသမ ၅၅) သန်းကို ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိ သူများနှင့် ပြည်သူများထံသို့ ပေးအပ်ပြီး ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌက ထောက်ပံ့မှုအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပဲနွယ်ကုန်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျောက်တံခါးမြို့နယ်၊ ကျောင်းစိုးကျေးရွာအုပ်စု၊ ထိန်တော ကျေးရွာနှင့် ဂွေးကုန်းကျေးရွာတို့ကို ဆက်သွယ်ထားသော ကျေးရွာချင်းဆက်ကုန်ထုတ် တံတားအသစ်ပြန်လည်တည်ဆောက်နိုင်ရန် ထောက်ပံ့ငွေကျပ် (၉ ဒသမ ၅၅) သန်းကို ကျောက်တံခါးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်နှင့် ပြည်သူများထံသို့ ပေးအပ်ရာ ကျောက်တံခါးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောက်တံခါးမြို့ မြို့နယ်စီမံကိန်းဦးစီးရုံး၌  ကျောက်တံခါးမြို့နယ်၊ သူဌေးကြီးရွာသစ်ကျေးရွာအုပ်စု၊ ချောင်းကော ကျေးရွာနှင့် ဖြူးစု လမ်းကြီးကို ဆက်သွယ်ထားသော ရေအေးစုချောင်းတံတား အသစ်ပြန်လည် တည်ဆောက် နိုင်ရန် ထောက်ပံ့ငွေကျပ် (၉ ဒသမ ၉)သန်း၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါး မြို့နှင့် သမင်အင်းကုန်းကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာတို့ ဆက်သွယ်ထားသော မောနာတံတား အသစ်ပြန်လည် တည်ဆောက်နိုင်ရန် ထောက်ပံ့ငွေကျပ် (၉ ဒသမ ၉)သန်းတို့ကို ပဲခူးတိုင်း ဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ပြည်သူများထံသို့ ပေးအပ်သည်။ ယင်းနောက်  ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌက ထောက်ပံ့မှုအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)