Skip to main content

အာဆီယံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးနှင့် အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ဇုန်ဆိုင်ရာ အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတို့ကို Videoconferencing စနစ်ဖြင့် ကျင်းပ

နေပြည်တော် စက်တင်ဘာ ၇

အာဆီယံ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးနှင့် အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ဇုန်ဆိုင်ရာ အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတို့ကို ယနေ့ နံနက် နာရီတွင် Videoconferencing စနစ်ဖြင့် ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးစိုးဟန်သည် နေပြည်တော်မှ ပါဝင်တက်ရောက်ဆွေးနွေးသည်။

အာဆီယံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ဇုန်ဆိုင်ရာ အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတို့ကို အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Nguyen Quoc Dzung က သဘာပတိအဖြစ် ဆောင်ရွက်ပြီး၊ အစည်းအဝေးသို့ အာဆီယံအဆင့်မြင့် အရာရှိကြီးများနှင့် အာဆီယံဒုတိယ အတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက် ကြသည်။

အာဆီယံအဆင့်မြင့်အရာရှိကြီးများ စည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ်၊ အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ် ဗီယက်နမ်နိုင်ငံ၏ ဦးစားပေးလုပ်ငန်းစဉ်များ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဆိုင်ရာ အာဆီယံအထူးထိပ်သီးအစည်းအဝေးနှင့် အာဆီယံအပေါင်းသုံး အထူးထိပ်သီး အစည်းအဝေး ဆုံးဖြတ်ချက်များ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ အရှေ့တောင် အာရှချစ်ကြည် ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်တွင် ပြင်ပနိုင်ငံများက ပါဝင်လက်မှတ်ရေးထိုးမည့် ကိစ္စရပ်များ အာဆီယံ၏ ပြင်ပဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များနှင့် အာဆီယံနှင့် ကဏ္ဍအလိုက် ဆွေးနွေးဖက်/ ဖွံ့ဖြိုးမှု မိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ဇုန်ဆိုင်ရာ ကော်မရှင်အစည်းအဝေး အာဆီယံ ဆွေးနွေးဖက်နိုင်ငံများနှင့် သီးခြားစီကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးများ၊ (၂၁)ကြိမ်မြောက် အာဆီယံအပေါင်းသုံး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ (၁၀)ကြိမ်မြောက် အရှေ့အာရှထိပ်သီး အစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ (၂၇) ကြိမ်မြောက် အာဆီယံဒေသတွင်းဖိုရမ်၊ လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် အာဆီယံ အစိုးရချင်းဆိုင်ရာ ကော်မရှင်၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲ၊ ဒေသခွဲ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အာဆီယံပေါင်းစပ် ညှိနှိုင်းရေးကောင်စီ အထူးအစည်းအဝေး၊ ရေရှည်ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အမျိုးသမီးများ၏ အခန်းကဏ္ဍ မြှင့်တင်ရေးဆိုင်ရာ အာဆီယံဝန်ကြီး အဆင့်ဆွေးနွေးပွဲနှင့်  (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို လည်းကောင်း၊ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန်ဆိုင်ရာ အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကို နံနက် ၁၁ နာရီခွဲတွင် ကျင်းပရာ အစည်းအဝေးတွင် အရှေ့တောင် အာရှ နျူကလီးယားလက်နက် ကင်းမဲ့ရေးဇုန်စာချုပ် (SEANWFZ Treaty) အား အကောင် အထည်ဖော်ရေး လုပ်ငန်းစီမံချက်များကို ပြန်လည်သုံးသပ်ခြင်း၊ နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် (Treaty on the Non-Proliferation of Nuclear Weapons) အဖွဲ့ဝင်နိုင်ငံ များ 2020 Review Conference သို့ တင်သွင်းမည့် SEANWFZ Treaty ဆိုင်ရာ စာချွန်လွှာ ကိစ္စနှင့် နျူကလီယားလက်နက် ပိုင်ဆိုင်သည့် နိုင်ငံ(၅)နိုင်ငံမှ SEANWFZ Treaty ၏ နောက်ဆက်တွဲ စာချုပ်တွင် လက်မှတ်ရေးထိုးမည့် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိများလည်း ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)