နေပြည်တော် မေ ၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဇနီးတို့ကို အမှူးထား၍ ဝန်ထမ်းမိသားစုများ၏ တတိယအကြိမ် စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော် မင်္ဂလာအခမ်းအနားကို မေ ၃ ရက်နှင့် ၄ ရက်တို့တွင် ကျင်းပသည်။
အခမ်းအနားပထမနေ့ နံနက်ပိုင်း၌ ရှင်လောင်းလှည့်ခြင်းကို ဆောင်ရွက်ရာ မောင်ရင်လောင်းများကို မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးဓလေ့နှင့်အညီ သဒ္ဓမ္မဝေပုလ္လကျောင်းတိုက် ပရိဝုဏ်အတွင်းရှိ နတ်ကွန်းတွင် နတ်ပြခြင်းဆောင်ရွက်၍ ထိုမှတစ်ဆင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်၍ လက်ယာရစ် လှည့်လည်ဦးခိုက်ပူဇော်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဇနီးတို့က မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအတွက် အလှူငွေကျပ်သိန်း ၃၀ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့တာဝန်ရှိသူများက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထိုနေ့ မွန်းလွဲပိုင်းတွင် ရဟန်းလောင်းများ၊ မောင်ရှင်လောင်းများနှင့် သီလရှင်များအား မင်္ဂလာဘိသိက်သွန်းခြင်းကို ရုံးအမှတ်(၁၆)၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဝန်ကြီးဌာနအကြီးအကဲများနှင့် ဧည့်ပရိသတ်များတက်ရောက်ကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဉာဏ်ဝင်း ဦးဆောင်သော ယဉ်ကျေးမှုမင်္ဂလာ ဘိသိတ်အဖွဲ့က ဘိသိတ်သွန်းလောင်းပေးပြီး ညနေပိုင်းတွင် ဆံချမင်္ဂလာ ပြုလုပ်သည်။
ယင်းနောက် ဦးပစ္ဇျာယ်ဆရာတော် ဦးဂန္ဓမာလာက ရှင်ပြုခြင်း အစီအစဉ်ဆောင်ရွက်ပေးပြီး ရဟန်းလောင်းများမှ ဆရာတော်ထံ သင်္ကန်းပေးခြင်း၊ ဆရာတော်ထံမှ သင်္ကန်းတောင်းခြင်း၊ သင်္ကန်းဝတ်ဆင်ခြင်း၊ ရှင်အဖြစ်တောင်းခံခြင်း၊ သရဏဂုံဆောက်တည် ရှင်ပြုခြင်းနှင့် ဥပစ္ဇျာယ်ယူခြင်းများ ဆောင်ရွက်ကြသည်။
အခမ်းအနား ဒုတိယနေ့တွင် သီရိဂန္ဓမာသပြေအေး မိုးကုတ်ဝိပဿနာကျောင်းတိုက်၌ ဥပသမ္ပဒကံဆောင်၍ ရဟန်းခံမင်္ဂလာပြုခြင်း၊ သိမ်ဝင်ခြင်းနှင့် သိမ်ဆင်းလောင်းခြင်းများ ဆောင်ရွက်ရာ ဦးပစ္ဇျာယ်ဆရာတော် ဦးဂန္ဓမာလာ ဦးဆောင်သော ရဟန်းများအား နိုင်ငံတော်ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဇနီးအမှူးရှိသည့် ဧည့်ပရိသတ်အပေါင်းတို့က လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် သီရိဂန္ဓမာသပြေအေး မိုးကုတ်ဝိပဿနာကျောင်း တိုက်ဆရာတော် ဦးဂန္ဓမာလာ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့မှ ရွတ်ပွားသရစ္ဇျာယ်သော မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး နိုင်ငံတော်ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ နှင့်ဇနီးများ၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ ပရိသတ်များက ဆရာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုအစုစု ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် ဆရာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ဧည့်ပရိသတ်များကို နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးကြသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် တတိယအကြိမ် ဝန်ထမ်းမိသားစုများ စုပေါင်းရဟန်းခံရှင်ပြုအလှူ တော်မင်္ဂလာတွင် ဒုလ္လဘရဟန်း ၇၄ ပါး၊ ရှင်သာမဏေ ၂၂ ပါးနှင့် သီလရှင်အပါး ၃၀ စုစုပေါင်း ၁၂၆ ပါးတို့ကို သာသနာ့ဘောင်သို့ သွတ်သွင်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်