Skip to main content

အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများတွင် Grade-10, Grade-11 သင်ကြားမည့် ဆရာ ဆရာမများအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး အထူးပြုပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်

နေပြည်တော် ဧပြီ ၃၀

အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများတွင် Grade-10, Grade-11 သင်ကြားမည့် ဆရာဆရာမများအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး အထူးပြုပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဒေါက်တာတင်ထွဋ်နှင့် ဦးဗိုလ်ဗိုလ်ကျော်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သင်တန်းပို့ချမည့် ဆရာဆရာမများ၊ တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ သင်တန်းတက်ရောက်လာကြသော သင်တန်းကြီးကြပ်များနှင့် သင်တန်းသား သင်တန်းသူ၊ ဆရာ ဆရာမများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က နိုင်ငံ၏စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာအဆင့်မှစတင်ကာ စိုက်ပျိုးရေးအခြေခံအသက်မွေးဝမ်းကျောင်းပညာရပ် သင်ယူမှုလမ်းကြောင်းကို ရွေးချယ်လျှောက်လှမ်းလာကြသော တက်ကြွသည့် ကျောင်းသားအရွယ် လူငယ်များ၏ဝါသနာကို ထပ်လောင်းအရောင်သွေးပေးကြမည့် ဆရာ ဆရာမများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း။

အဆင့်မီ အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်အတွက် အရေးပါသည့် သင်ကြားရေးတာဝန်ထမ်းဆောင်ကြမည့် ဆရာ ဆရာမများအတွက် ယခုကဲ့သို့ စွမ်းရည်မြှင့်တင်သင်တန်းများ ဖွင့်လှစ်ပို့ချခြင်းဖြစ်၍ ကြိုးစားလေ့လာသွားကြစေလိုကြောင်း၊ လစဉ်အစီရင်ခံစာ ရေးသားပေးပို့ခြင်းနည်းလမ်းများ၊ မေးခွန်းပြုစုနည်း၊ စာမေးပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းများအပြင် ယခုနှစ်မှစတင်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဆရာအတတ်သင်ကောလိပ်မှ ဆရာ ဆရာမများကိုပါ ဖိတ်ခေါ်၍ သင်ကြားနည်းစနစ် (Teaching Methodology) များနှင့်ပတ်သက်သည့် အကြောင်း အရာများကိုပါ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက နိုင်ငံတော်၏ အခြေခံစီးပွားရေးကဏ္ဍဖြစ်သော စိုက်ပျိုး၊ မွေးမြူထုတ်လုပ်ရေးအတွက် လိုအပ်လျက်ရှိသည့် စိုက်ပျိုး၊ မွေးမြူရေးအတတ် ပညာများ၊ ကျွမ်းကျင်သူလူသားအရင်းအမြစ်များ လေ့ကျင့်သင်ကြားမွေးထုတ်ပေးကြမည့် သင်ကြားရေး ဆရာ ဆရာမများအနေဖြင့် သင်ရိုးမာတိကာပါ အကြောင်းအရာများသာမက လက်တွေ့သင်ကြားရေးနှင့် ပြင်ပလုပ်ငန်းခွင် ကျွမ်းကျင်မှုအတွက်ပါ စာတွေ့နှင့် လက်တွေ့ ချိတ်ဆက်လေ့ကျင့်ပေးရန်လိုကြောင်း၊ ပြင်ပလုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်ကြမည့် ကျောင်းသား၊ ကျောင်းသူများ၏ လက်တွေ့ကျွမ်းကျင်မှု အရည်အသွေးပြည့်ဝနေမှသာ အသက်မွေးဝမ်းကျောင်းအတွက်သာမက နိုင်ငံတော်၏ စိုက်ပျိုးမွေးမြူထုတ်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ နယ်ပယ်ပေါင်းစုံမှ ပါဝင်လာကြသည့် စိုက်ပျိုးရေး မွေးမြူရေးသင်ကြားရေး ဆရာ ဆရာမများအနေဖြင့် မိမိတပည့် ကျောင်းသား၊ ကျောင်းသူများနှင့်သာမက လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများနှင့်ပါ အထက်အောက်ဆက်ဆံရေး ကောင်းမွန်စွာဖြင့် မိမိတို့လုပ်ငန်းခွင် အောင်မြင်စေရေး ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၃၂၃ ဦး တက်ရောက်ကြပြီး ဧပြီ ၂၉ ရက်မှ မေ ၂၁ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်သည်။ အခြေခံပညာကျောင်းသား ကျောင်းသူများအနေဖြင့် အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် လုပ်ငန်းခွင်ဝင်ပညာရပ်များကို သင်ယူလေ့ကျင့်ခွင့် ရရှိနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၅၁ ကျောင်း ဖွင့်လှစ်ပေးခဲ့ရာ စိုက်ပျိုးရေးအထူးပြုဘာသာရပ် Grade-10 အောင်မြင်သူ ၁၀၂၂ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း ၃၄ ကျောင်း၌ Grade-10 စိုက်ပျိုးရေးအထူးပြုဘာသာရပ် သင်ကြားတိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်၍ တစ်နိုင်ငံလုံး ၌ Grade-10 စိုက်ပျိုးရေးအထူးပြုဘာသာရပ် သင်ကြားသည့် ကျောင်းပေါင်း ၈၅ ကျောင်း ဖွင့်လှစ်နိုင်ခြင်းဖြစ်ကာ ယခင် ၅၁ ကျောင်းတွင် စိုက်ပျိုးရေး အထူးပြု Grade-11 ထပ်မံဖွင့်လှစ်သင်ကြားပေးနိုင်ရေးအတွက် ယခုသင်တန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်