နေပြည်တော် ဧပြီ ၂၉
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း စက်မှုဝန်ကြီးဌာနရှိ နိုင်ငံပိုင်စက်ရုံ/အလုပ်ရုံများနှင့် ငှားရမ်းစက်ရုံများ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။ ထို့ပြင်စက်ရုံမှူးများ၊ စက်ရုံတာဝန်ခံများ၊ စိုက်ကွင်း/စိုက်ခြံ တာဝန်ခံများသည် Virtual စနစ်ဖြင့် သတ်မှတ်နေရာများမှ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရပ်နားလျက်ရှိသည့် နိုင်ငံပိုင်စက်ရုံ/အလုပ်ရုံများကို ပြန်လည်လည်ပတ်နိုင်ရေးစီမံဆောင်ရွက်ရန် လမ်းညွှန်မှုပြုခဲ့သဖြင့် စက်မှုဝန်ကြီးဌာနရှိ ရပ်နားခဲ့သည့် နိုင်ငံပိုင်စက်ရုံ/ အလုပ်ရုံများကို ပြန်လည်လည်ပတ်၍ ကုန်ထုတ် လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း၊ စက်မှုလုပ်ငန်းများအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာတွင် တွေ့ကြုံခဲ့ရသည့် အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်၍ ယခုဘဏ္ဍာရေးနှစ်တွင် အားနည်းချက်များ လျော့နည်းအောင်နှင့် အားသာချက်များ ပိုမိုရရှိအောင် ကြိုးစားဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူ၊ စက်ပစ္စည်း၊ ကုန်ကြမ်း သွင်းအားစု၊ နည်းစဉ်၊ သဘာဝပတ်ဝန်းကျင်၊ အရည်အသွေး စသည့်အချက်များကိုအခြေခံ၍ စီမံဆောင် ရွက်ရမည်ဖြစ်ကြောင်း။
နိုင်ငံပိုင်စက်ရုံ/အလုပ်ရုံများသည် ပြည်သူလူထုလိုအပ်သော အခြေခံကုန်ပစ္စည်းများကို ထုတ်လုပ်နေခြင်း၊ သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်၍ တိုးမြှင့်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောသွင်းအားစုများ၊ စက်အရန်ပစ္စည်းများကို ကြိုတင်ဝယ်ယူစုဆောင်းထားရမည့်အပြင် စက်ပစ္စည်းများပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကိုလည်း စီမံချက်များ ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စက်ရုံအလိုက်ရှိပြီးဖြစ်သည့် နည်းပညာများ၊ စက်နှင့်စက်ပစ္စည်းများကို အကျိုးရှိအောင် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်နှင့် ထုတ်ကုန်ပစ္စည်းများ အရည်အသွေးကောင်းမွန်စေရေးတို့အတွက် လူ့စွမ်းအားအရင်းအမြစ်များသည် လွန်စွာအရေးကြီးကြောင်း၊ လုပ်ငန်းတာဝန်များ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက်ဦးစီးဌာန/ လုပ်ငန်းများရှိ စီမံခန့်ခွဲရေးအဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းပြီး အစီအမံများ ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သည့် စာရင်းဇယား၊ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်တိကျမှုရှိစေရေးတို့အတွက် အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဦးစီးဌာန/လုပ်ငန်း များအနေဖြင့် ယခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေများကို မှန်မှန်ကန်ကန် သုံးသပ်ဆွေးနွေးပေးကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စက်မှုလုပ်ငန်းများ၏ ထုတ်လုပ်မှု၊ ရောင်းချမှု၊ အရှုံး/အမြတ်အခြေအနေများနှင့် စပ်လျဉ်း၍ သုံးသပ်ချက်များကိုလည်းကောင်း၊ အမှတ်(၁)အကြီးစား စက်မှုလုပ်ငန်း၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ မြန်မာ့ဆေးဝါး လုပ်ငန်းတို့မှ ဦးဆောင်ညွှန်ကြားရေးမှူးများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စက်ရုံများ၏ ထုတ်လုပ်မှု၊ ရောင်းချမှု၊ အရှုံး/အမြတ်အခြေအနေ၊ သုံးသပ်ချက်များနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အတွင်း စက်ရုံများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအမံများကို လည်းကောင်း၊ တက်ရောက်လာသူများက နိုင်ငံပိုင်စက်ရုံများ အောင်မြင်စွာလည်ပတ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့အတွက် ဝိုင်းဝန်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်