နေပြည်တော် ဧပြီ ၂၉
ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (အမှုထမ်း)သင်တန်းအမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရုံးအမှတ်(၅၂) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းမင်း တက်ရောက်အမှာစကားပြောကြားသည်။
ဦးစွာဒုတိယဝန်ကြီးက ဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများကို သိရှိနိုင်စေရန်နှင့် လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ရုံးလုပ်ငန်း လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်ဆန်၊ မှန်ကန်စွာဆောင်ရွက်တတ်စေရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေအပါအဝင် စာသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များ သိရှိဆောင်ရွက်နိုင်စေရန်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ မြင့်တက်လာစေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ပို့ချသည့် သင်တန်းဖြစ်ကြောင်း၊ သင်ကြားပေးမည့် သင်ခန်းစာများကို လေ့လာသင်ယူမှတ်သားခြင်းအပြင်လက်ရှိ ဖြစ်ပေါ်ပြောင်းလဲနေသော ကုန်သွယ်မှုဗဟုသုတ၊ ကုန်သွယ်မှုဆိုင်ရာပညာရပ်များကိုလည်း လေ့လာရန်လိုအပ်ကြောင်း၊ ဝန်ထမ်းဆိုသည်မှာ အဖွဲ့အစည်းနှင့် ဆောင်ရွက်နေရသည့်အတွက် အဖွဲ့အစည်းအတွင်း တာဝန်ခွဲဝေယူတတ်ခြင်း၊ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ အဖွဲ့အစည်းနှင့် လုပ်ဆောင်တတ်ခြင်း၊ တာဝန်ခံမှု၊ တာဝန်ယူမှုစသည့် စိတ်ဓာတ်ကောင်းများရှိရန် သင်တန်းဖွင့်လှစ်ပို့ချ လေ့ကျင့်ပေးခြင်းဖြစ်ကြောင်း၊ ပညာဟူသည် မည်သည့်အခါမှ ပြီးပြည့်စုံသည်ဟူ၍မရှိသဖြင့် ပညာကို ရှာဖွေဆည်းပူးနေရမည်ဖြစ်ကြောင်း၊ ပညာဆည်းပူး ရာတွင် ဘာသာရပ်ဆိုင်ရာ ပညာရပ်တစ်ခုတည်းကို လေ့လာသင်ကြားခြင်းမျိုးမဟုတ်ဘဲ လက်ရှိ ထုတ်ပြန်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်း နားလည်သိရှိရန်လိုအပ်ကြောင်း ပြောကြား သည်။
အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သင်တန်းနည်းပြများ တက်ရောက်ခဲ့ကြပြီး သင်တန်းသို့ ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ သင်တန်းသား ၁၅၀ တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တနှစ်ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်