နေပြည်တော် ဧပြီ ၂၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ် ရေတွင်းကုန်းကျေးရွာရှိ “လှ” အထည်အလိပ်လုပ်ငန်းသို့ရောက်ရှိပြီး အထည်စက်ရုံများမှ ထွက်ရှိသော အထည်ဖြတ်စ၊ ညှပ်စများကို ဂွမ်းအဖြစ် ပြန်လည်ပြုလုပ်ပြီး ဂွမ်းမှ အမှတ်(၇)ချည်မျှင်နှင့် အမှတ်(၁၀) ချည်မျှင်များ ပြန်လည်ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ မှော်ဘီမြို့နယ် ကျောက်ကာကွင်းကျေးရွာရှိ Myanmar Integrated Engineering Group ကုမ္ပဏီသို့ရောက်ရှိပြီး ဝါဂွမ်းချည်မျှင်ထုတ်လုပ်နေမှု၊ ချည်နှင့်ပိတ်များ ဆေးဆိုးခြင်းလုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေး မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကျေးရွာလေးရွာ၊ အိမ်ထောင်စု ၁၈၉၁ စု၊ လူဦးရေ ၆၈၉၉ ဦးတို့ကို အကျိုးပြုပေးနိုင်မည့် မှော်ဘီမြို့နယ် ဖူးကြီး-တံခွန်တိုင် ကျေးရွာ ဆက်သွယ်သောလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဝိုင်းဝန်းထိန်းသိမ်းကြရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပြီး ကျေးရွာနေပြည်သူများ၏ တင်ပြချက် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ် ရွှေမြယာကျေးရွာအုပ်စု ရွှေမြယာ ကုန်းကျေးရွာသို့ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ထောက်ပံ့ ရန်ပုံငွေကျပ်သိန်း ၁၅၀၊ ကျေးရွာထည့်ဝင်ငွေ ကျပ်သိန်း ၂၀ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ သည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ပုလဲမြို့သစ်မြို့နယ်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ စက်၊ ယာဉ်၊ ယန္တရားဂိုဒေါင်ကို ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့်လည်းဌာန၏ လုပ်ငန်းတာဝန်များကို စေတနာထားဆောင်ရွက်ရန်နှင့် ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဌာန၏လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက် ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး ဂိုဒေါင် အတွင်း စက်၊ ယာဉ်၊ ယန္တရားများထိန်းသိမ်းထားရှိမှုနှင့် လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဓာတ်ခွဲစမ်းသပ်ရန်လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးပြည့်မီရေး ဓာတ်ခွဲခန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်