Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဝန်ကြီးဌာန၏ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူးအတွက် ကွန်ပျူတာစစ်ဆေးခြင်းနှင့် လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုလှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် ဧပြီ ၂၉

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၏ သတ်မှတ်နေရာအသီးသီး၌ ကျင်းပလျက်ရှိသည့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူးအတွက် ကွန်ပျူတာစစ်ဆေးခြင်းနှင့်လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ပြည်သူ့အင်အားဦးစီးဌာန၏ ကွန်ပျူတာခန်းမ၌ ကွန်ပျူတာစစ်ဆေးနေမှု၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ ဦးဆောင်၍ အဖွဲ့ခွဲအလိုက်လူတွေ့နှုတ်ဖြေစစ်ဆေးခြင်း ဆောင်ရွက်နေမှု၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာနကွန်ပျူတာခန်း၌ ကွန်ပျူတာစစ်ဆေးဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ လာရောက်ဖြေဆိုသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ဌာန၏ အဓိကလုပ်ငန်း တာဝန်များအပြင် နိုင်ငံတော်အတွက် အဓိကလက်ငင်းဦးစားပေး ဆောင်ရွက်ရမည့်လုပ်ငန်း တာဝန်များကို အင်ပြည့်အားပြည့် ဆောင်ရွက်နိုင်ရေးအတွက်ဌာန၌ လစ်လပ်လျက်ရှိသည့် ဝန်ထမ်းများ ဖြည့်တင်းနိုင်ရန် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူးအတွက် အမျိုးသား ၁၂၀၊ အမျိုးသမီး ၃၀ စုစုပေါင်း ၁၅၀ ခန့်ထားနိုင်ရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝန်ထမ်း လျှောက်လွှာများခေါ်ယူ၍ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကို မတ် ၁၆ ရက်က သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ အင်္ဂလိပ်စာရေးဖြေစာမေးပွဲများ ကျင်းပခဲ့ရာ အဆိုပါ ရေးဖြေစာမေးပွဲအောင်မြင် ကြသူများကို ကွန်ပျူတာစစ်ဆေးခြင်းနှင့် လူတွေ့နှုတ်ဖြေ စစ်ဆေးခြင်းတို့ကို ဧပြီ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် နေပြည်တော်(ရုံးချုပ်)၌ ကျင်းပဆောင်ရွက်ခြင်းဖြစ်ပြီး စစ်ဆေးမှုအောင်မြင်သူများကို ဝန်ထမ်းခန့်ထားရေးလုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်