နေပြည်တော် ဧပြီ ၂၉
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနရှိ တာဝန်ထမ်းဆောင် လျက်ရှိသည့် အရာထမ်းနှင့် အမှုထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူ ၅၁ ဦး တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများအနေဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၏ မူဝါဒများ၊ ဦးတည်ချက်များ၊ လုပ်ငန်းစဉ်များနှင့် အခြေခံသဘောတရားများကို သေသေချာချာ သိရှိနားလည်စေရန် လိုအပ်ပါကြောင်း၊ သင်တန်းပြီးချိန်တွင် သင်တန်းသားများအနေဖြင့် Group Presentation များကို အုပ်စုလိုက်လက်တွေ့ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံတော်နှင့် မိမိတို့ဝန်ကြီးဌာနအပေါ် သစ္စာစောင့်သိ၍ ပေးအပ်သောတာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရန်၊ ဝန်ထမ်းလက်စွဲနှင့်အညီ စနစ်တကျ၊ စည်းကမ်းတကျဖြင့် ဆောင်ရွက်ရန်မှာကြားလိုပါကြောင်း၊ ယခုသင်တန်းမှ စွမ်းဆောင်ရည်ပြည့်ဝသော အရာထမ်း/ အမှုထမ်းကောင်းများ မွေးထုတ်ပေးနိုင်မည်ဟု မျှော်လင့်ယုံကြည်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝီရိယ၊ သစ္စာ၊ ဉာဏ၊ သမာဓိဆိုသည့် အချက်များနှင့် ပြည့်စုံသော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ပါစေကြောင်းနှင့် ယခုသင်တန်းကို အလေးအနက်ထား၍ တက်ရောက်စေလိုကြောင်း ပြောကြား သည်။
အဆိုပါ သင်တန်းကို ဧပြီ ၂၉ ရက်မှ ဇွန် ၁၇ ရက်အထိ In Person ၂၂ ဦး၊ Online ဖြင့် ၂၉ ဦး စုစုပေါင်း ၅၁ ဦးဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလအတွင်း ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီမံခန့်ခွဲမှုဘာသာရပ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ရုံးလုပ်ငန်းလက်စွဲ ဘာသာရပ်နှင့် ဝန်ထမ်းများသိရှိထားရမည့် ဘာသာရပ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရာရှိကြီးများနှင့် သင်တန်းနည်းပြများအား ဖိတ်ခေါ်၍ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်