နေပြည်တော် ဧပြီ ၂၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဧပြီ ၂၅ ရက် မွန်းလွဲပိုင်းတွင် မကွေးမြို့ရှိတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ဝါလုပ်ငန်းရှင်များတွေ့ဆုံ၍ ဝါကြိတ်ခွဲမှုအခြေအနေများ၊ မျိုးစေ့ပြန်လည် ရွေးချယ်ထုတ်လုပ်မှုအခြေအနေများ၊ ဈေးကွက်ရရှိမှုအခြေအနေများနှင့် ဝါစိုက်တောင်သူများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးသည်။
ယင်းနောက် ဦးစီးဌာနအလိုက် တာဝန်ရှိသူများက ချည်မျှင်ရှည်ဝါ မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးပေးနေမှု၊ နည်းပညာပြန့်ပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေရရှိရေး နည်းလမ်းများ၊ ရေစီမံခန့်ခွဲမှုဆိုင်ရာ သိမှတ်ဖွယ်ရာများကို ရှင်းလင်းတင်ပြပြီး ဆွေးနွေးပွဲတက်ရောက်လာကြသူများ တင်ပြသည့် ဝါစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းအတွက် အရေးပါသည့် မျိုးကောင်းမျိုးသန့် ဝယ်ယူရရှိနိုင်မှုနှင့်ပတ်သက်၍ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် မင်းဘူးမြို့နယ် ကမ်းနီကျေးရွာ ကမ်းနီဆိုလာလျှပ်စစ် မြစ်ရေတင်ရှင်းလင်းဆောင်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရေရရှိရေးအဆိုပြု တောင်သူများ နှင့်တွေ့ဆုံ၍ တောင်သူများ၏ အဆိုပြုတင်ပြထားမှုများကို သက်ဆိုင်ရာကြီးကြပ်မှုကော်မတီက စနစ်တကျစိစစ်၍ ချေးငွေအထောက်အပံ့ရရှိရေး စီမံဆောင်ရွက်မည့်အခြေအနေများ၊ ရေသောက်ဧရိယာများ သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေးနှင့် ပန်းတိုင်အထွက်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကမ်းနီဆိုလာ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းဖြင့် ဧရာဝတီမြစ်မှရေကို တင်ယူ၍ စိုက်ပျိုးရေပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဆိုလာစနစ်ကို အသုံးပြုထားသော ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်း ရေပေါ်ရေတင်စက်ရုံမှ စိုက်ပျိုးမြေဧရိယာ နွေစပါး ၁၆၆ ဧကနှင့် အခြားသီးနှံဧက ၅၀၀ စုစုပေါင်း ၆၆၆ ဧကကို အကျိုးပြုလျက်ရှိကြောင်း သိရသည်။
ဒုတိယဝန်ကြီးသည် ဧပြီ ၂၆ ရက် နံနက်ပိုင်းတွင် အောင်လံမြို့နယ် ပုဂ္ဂလိကဝါစက်လုပ်ငန်းရှင်၏ ဝါဝယ်ယူ၊ ကြိတ်ခွဲ၊ ထုပ်ပိုးသိုလှောင်မှုလုပ်ငန်းများကို ကြည့်ရှုအားပေးပြီး လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဧည့်ခန်းမတွင် ဝါစက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဝါသီးနှံစိုက်ပျိုးမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူ၊ ပုဂ္ဂလိကနှင့် ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ခေတ်မီနည်းပညာများ လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များ၊ ကုန်ကြမ်းသီးနှံနှင့် တန်ဖိုးမြင့်ကုန်ချောများ ဈေးကွက်ရရှိရေး၊ စိုက်ပျိုးတောင်သူများအတွက် လိုအပ်သော အသိပညာများနှင့် နည်းပညာများ ပံ့ပိုးဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်