နေပြည်တော် ဧပြီ ၂၈
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းက ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သူသူတို့နှင့်အတူ ညောင်ဦးအထက်တန်းကျောင်းနှင့် မြို့မအထက်တန်းကျောင်းတို့ကို ရောက်ရှိစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ကျောင်းသန့်ရှင်းသာယာရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးကို အလေးထားဆောင်ရွက်ရန်၊ သောက်ရေသုံးရေ လုံလောက်ရေးကို ဦးစားပေးရန်၊ မေ ၂၃ ရက် တွင်စတင်မည့် ကျောင်းအပ်နှံရေးသီတင်းပတ် မတိုင်မီ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများနှင့် ညှိနှိုင်းပေါင်းစပ်၍ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေးနှင့် ကျောင်းအပ်နှံရေးအတွက် နည်းလမ်းလေးသွယ်ဖြင့် စည်းရုံးဆောင်ရွက်ရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မိတ္ထီလာတက္ကသိုလ်သို့ ရောက်ရှိပြီး ကျောင်းပရိဝုဏ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ ဇွန် ၃ ရက် တက္ကသိုလ်များ ပြန်လည်မဖွင့်လှစ်မီ စာသင်ဆောင်၊ စာသင်ခန်း၊ အိပ်ဆောင်များ အဆင်သင့်ဖြစ်နေစေရေး၊ စာသင်ဆောင်များနှင့်ထိနေသော သစ်ကိုင်းများကို ရှင်းလင်း၍ အလင်းဖွင့်ရေး မှာကြားသည်။
ထို့နောက် မိတ္ထီလာပညာရေးဒီဂရီကောလိပ်သို့ရောက်ရှိပြီး ဒုတိယဝန်ကြီးက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသော ပြေးခုန်ပစ်အားကစား ပစ္စည်းအမျိုးမျိုးကို အကျိုးရှိထိရောက်စွာ အသုံးပြု၍ ကျောင်းသား ကျောင်းသူများကို အားကစားလေ့ကျင့် ပျိုးထောင်ပေးကာ ဒီဇင်ဘာအားကစားပွဲတော်အတွက် ပြင်ဆင်ပေးရန်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အားကစားနည်းပြဆရာ ရက်တိုသင်တန်းတက်ရောက်ရန်မှာကြားကာ မိတ္ထီလာပညာရေးဒီဂရီကောလိပ်အတွင်း တည်ဆောက်လျက်ရှိသော စီမံခန့်ခွဲရေးနှင့် စာသင်ဆောင်ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်