နေပြည်တော် ဧပြီ ၂၈
နေပြည်တော်ကောင်စီက ကြီးမှူးဖွင့်လှစ်သည့် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် တာဝန်ရှိသူများ၊ နေပြည်တော် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ နေပြည်တော်အမျိုးသမီးနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကောင်းများဖြစ်သည့် ဗုဒ္ဓစာပေသင်ကြားမှုများကို ဆက်လက်ထိန်းသိမ်းပြီး မျိုးဆက်သစ်လူငယ်များကို ယဉ်ကျေးလိမ္မာစေရန်၊ အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်နှင့် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ဗုဒ္ဓဘာသာမြန်မာ့ယဉ်ကျေးမှုအစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ ယနေ့ ဖွင့်လှစ်သင်ကြားပို့ချပေးမည့် ယဉ်ကျေးလိမ္မာသင်တန်းမှတစ်ဆင့် အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သော သားကောင်းရတနာ သမီးကောင်းရတနာများဖြစ်အောင် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းပူးပေါင်းပြီး ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ယဉ်ကျေးလိမ္မာသင်တန်းအတွက် ၃၈ ဖြာမင်္ဂလာ၊ ဗုဒ္ဓဝင်၊ ဘုရားရှိခိုးနှင့် ပြည်သူ့နီတိစာအုပ်များကိုလည်းကောင်း၊ နေပြည်တော်အမျိုးသမီးရေးရာ အဖွဲ့နာယက ဒေါ်သီတာဇင်နှင့် တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများနှင့် သင်တန်းတက်ရောက်သည့် ကျောင်းသား ကျောင်းသူများကို အာဟာရကျွေးမွေးရန်အတွက် အလှူငွေများကိုလည်းကောင်း ပေးအပ်လှုဒါန်းကြရာ ကျောင်းသား ကျောင်းသူများနှင့် သင်တန်းနည်းပြတစ်ဦးတို့က လက်ခံရယူကြသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်မည့် ကျောင်းသား ကျောင်းသူများကို သင်ထောက်ကူစာရေးကိရိယာများနှင့် အာဟာရဖြည့်အစားအစာများကို ပေးအပ်ကြသည်။
ယနေ့ဖွင့်လှစ်သည့် ယဉ်ကျေးလိမ္မာသင်တန်းကို နေပြည်တော်ကောင်စီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းသားသမီးများ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၇၂ ဦးတို့ကို ဧပြီ ၂၈ ရက်မှ မေ ၄ ရက်အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်