မန္တလေး ဧပြီ ၂၈
ပုဂံလူရည်ချွန်စခန်းဖွင့်ပွဲအခမ်းအနားကို ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အောင်မြေသာရပ်ရှိ ပုဂံလူရည်ချွန် စခန်းမုခ်ဦးရှေ့၌ ယနေ့နံနက်ပိုင်းကကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့် အဆင့်မြင့်ပညာနှင့် အခြေခံပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ လူရည်ချွန်ကြီးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် လူရည်ချွန် ကျောင်းသား ကျောင်းသူ ၁၄၀၊ ကြီးကြပ် ဆရာ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့အဖွဲ့အား ဘင်ခရာအဖွဲ့က ဦးဆောင်၍ မြန်မာ့ကျောင်းသီချင်းတီးခတ်ပြီး ပန်းဖွားအဖွဲ့၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ လူရည်ချွန်ကြီးတို့က ကြိုဆိုကြကာ ပုဂံလူရည်ချွန်စခန်းအား လူရည်ချွန်ကျောင်းသား ကျောင်းသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းဓာတ်ပုံရိုက်ကြသည်။
၎င်းနောက် အခမ်းအနားကို Heritage Bagan Hotel ၌ ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတစ်နိုင်ငံ၏ တိုးတက်အောင်မြင်မှုသည် နိုင်ငံသားများ၏ အသိပညာ အတတ်ပညာ ဗဟုသုတကြွယ်ဝမှု၊ ကျွမ်းကျင်မှုနှင့် တတ်ကျွမ်းမှုများအပေါ် များစွာမူတည်ပါကြောင်း၊ ပညာရေးသည် နိုင်ငံသားတစ်ဦးချင်းစီ၏ ဘဝအဆင့်အတန်းတိုးတက်မြင့်မားစေရန် အခွင့်အလမ်းများ ဖန်တီးပေးပြီး မိမိတို့ဒေသ အသိုက်အဝန်းတွင် အမျိုးသားလူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူဖြစ်စေပါကြောင်း၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့ဟူသော ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လူရည်ချွန်ကျောင်းသား ကျောင်းသူများ မွေးထုတ်ပေးရေးသည်လည်း အဓိကအခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ပုဂံကိုရောက်ရှိနေသည့် လူရည်ချွန်ကျောင်းသား ကျောင်းသူများအနေဖြင့် လေ့လာရေးခရီးစဉ်တွင် ရင်းနှီးခင်မင်မှုများ၊ ပူးပေါင်းဆောင်ရွက်တတ်မှုများ၊ ဒေသန္တရဗဟုသုတများ ရရှိလာမည်ဖြစ်ပြီး ကောင်းမွန်၍ အကျိုးရှိသည့် အပန်းဖြေရက်များဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူလူထုကအားထားရသည့် ပညာရည်ထူးချွန်ပြီး စံနမူနာပြလူငယ်များဖြစ်အောင် အစဉ်အမြဲ ကြိုးစားနေကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ကျေးဇူးတင်စကားပြန်လည်ပြောကြား
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လူရည်ချွန် ရင်ထိုးတံဆိပ်များကို ကျောင်းသား ကျောင်းသူတစ်ဦးချင်းစီထံ တပ်ဆင်ပေးအပ်ပြီးနောက် လူရည်ချွန်ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အမှတ်တရသစ်ပင်စိုက်ပျိုး
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့၊ လူရည်ချွန်ကြီးများနှင့် တာဝန်ရှိသူများက လူရည်ချွန်ကျောင်းသား ကျောင်း သူ ၁၄၀ အား ရင်ထိုးတံဆိပ်များကို တပ်ဆင်ပေးကာ ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်အားပေးကြပြီး လူရည်ချွန်ကျောင်းသား ကျောင်းသူများနှင့် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လူရည်ချွန် ကျောင်းသား ကျောင်းသူများနှင့်အတူ အမှတ်တရသစ်ပင်စိုက်ပျိုးခဲ့ကြသည်။
ညပိုင်းတွင် ပုဂံလူရည်ချွန်ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အခမ်းအနားကို စတင်ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက စခန်းနှင့်ပတ်သက်၍ တင်ပြ ပြီးနောက် လူရည်ချွန်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်ဆရာ ဆရာမများအား ပုဂံလူရည်ချွန်စခန်း အမှတ်တရ လက်ဆောင်ပစ္စည်းများကိုလည်းကောင်း၊ ပုဂံလူရည်ချွန်အပန်းဖြေစခန်းမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း၊ လူရည်ချွန်ကြီးများနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များအား အမှတ်တရလက်ဆောင်များကို လည်းကောင်းပေးအပ်ခဲ့ကြောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူရည်ချွန် ကျောင်းသားကျောင်းသူများနှင့်အတူ ဂုဏ်ပြုညစာအတူတကွသုံးဆောင်ကြပြီး ဂုဏ်ပြုဧည့်ခံဖျော်ဖြေမှု များကို ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် လေ့လာရေးခရီးစဉ်များကို သွားရောက်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်