Skip to main content

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း သီလဝါဆိပ်ကမ်းဥပစာလမ်း လေးလမ်းသွား လမ်းသစ်တက်ရောက်ဖွင့်လှစ်

ရန်ကုန် ဧပြီ ၂၈

သီလဝါဆိပ်ကမ်း ဥပစာလမ်းလေးလမ်းသွား လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် သီလဝါဆိပ်ကမ်းဧရိယာ၌ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း တက်ရောက်ဖွင့်လှစ်ပေးသည်။

လမ်းသစ်ဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအမှူးများ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဝန်ထမ်းများနှင့် သီလဝါဆိပ်ခံတံတားများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ နိုင်ငံတကာ ကုန်သွယ်မှုအတွက် ဝင်/ထွက်ပေါက်ဖြစ်သည့် သီလဝါဆိပ်ကမ်းဧရိယာအတွင်း ပင်လယ်ရေကြောင်းဖြင့် တင်သွင်း၊ တင်ပို့ကြမည့်ကုန်စည်များ၊ ကုန်သေတ္တာများကို လွယ်ကူလျင်မြန်ချောမွေ့စွာ သယ်ယူပို့ဆောင်ပေးနိုင်ရေးတို့အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ကြီးကြပ်မှု၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းတို့၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှု၊ သီလဝါဆိပ်ကမ်းတံတား လုပ်ငန်းရှင်များ၏ အချိုးကျငွေကြေးထည့်ဝင်မှုနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်တာဝန်ခံ စီမံခန့်ခွဲမှုတို့ဖြင့် သီလဝါဆိပ်ကမ်းဥပစာလမ်း၊ လေးလမ်းသွား လမ်းသစ်ကြီးကို သတ်မှတ်ကာလအချိန်တိုအတွင်း အောင်မြင်စွာ တိုးချဲ့ဖောက်လုပ် ဖွင့်လှစ်နိုင်ခဲ့ကြောင်း။

မြန်မာနိုင်ငံသည် နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး၏ ၇၅ ရာခိုင် နှုန်းကို ပင်လယ်ရေကြောင်းဖြင့် ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် အဓိကထား ကုန်သွယ်လျက်ရှိကြောင်း၊ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ နိုင်ငံတကာကုန်သွယ်မှုပမာဏ တိုးတက်များပြားလာသည်နှင့်အမျှ သီလဝါဆိပ်ကမ်းဧရိယာတွင် ပို့ကုန်တင်ပို့ခြင်းနှင့် သွင်းကုန်ထုတ်ယူခြင်းလုပ်ငန်းများ ပိုမိုမြန်ဆန်သွက်လက်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ဆိပ်ကမ်းဧရိယာများသို့ ဆက်သွယ်ထားသည့် ရထားလမ်း၊ ကားလမ်းများကို အဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့ခြင်းတို့ကိုဆောင်ရွက်ရန် လိုအပ်လာကြောင်း၊ ထို့အပြင် ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံ ပိုင်ဆိုင်မှုပမာဏများပြားလာပြီး သီလဝါဧရိယာရှိ စက်သုံးဆီဆိပ်ကမ်းတံတားများကို ပုဂ္ဂလိကသို့ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့်ပြုထားသည့်အတွက် စက်သုံးဆီ တင်ကားကြီးများဖြင့် ခေါက်ရေပိုမိုသုံးစွဲလာမှုကြောင့် ယခင်နှစ်လမ်းသွားလမ်းမှာ မကြာခဏ ပိတ်ဆို့မှုများဖြစ်လာသည့်အတွက် ယခုကဲ့သို့ သီလဝါဆိပ်ကမ်း ဥပစာလမ်းကို လမ်းလယ်ကျွန်းအပါ လေးလမ်းသွား လမ်းသစ်အဖြစ် အဆင့်မြှင့်တင် တိုးချဲ့ဖောက်လုပ်ပေးရခြင်းဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ မြို့တော်ဝန်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ သီလဝါဥပစာလမ်း လေးလမ်းသွားလမ်းသစ်အား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး Wilmar ဆိပ်ကမ်းတံတားသို့ ရောက်ရှိရာ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ယနေ့ဖွင့်လှစ်သည့် လေးလမ်းသွားလမ်းသစ်သည် ငါးမိုင်နှစ်ဖာလုံရှည်လျားပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် ဆိပ်ကမ်းလုပ်ငန်းရှင်များ၏ ထည့်ဝင်ငွေစုစုပေါင်း ငွေကျပ် ၂၈ ဒသမ ၃၅၀ ဘီလီယံ ခန့် ကုန်ကျခဲ့ပြီး လေးလမ်းသွား မြေသားတာပေါင်ချဲ့ခြင်း လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ဖြည့်စွက်ရန်ပုံငွေဖြင့် ကြိုတင်ဖောက်လုပ်ပေးခဲ့သည့်အတွက် ကွန်ကရစ်လမ်းအဖြစ် အချိန်တိုအတွင်း အဆင့်မြှင့်တင် တိုးချဲ့ဖောက်လုပ်နိုင်ခဲ့သည်။ ထို့ကြောင့် သီလဝါဆိပ်ကမ်းဧရိယာအတွင်းယခင်ကကဲ့သို့ ကုန်တင်ယာဉ်၊ စက်သုံးဆီတင်ယာဉ်များဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ မရှိနိုင်တော့ဘဲ ကုန်စည်စီးဆင်းမှုများလည်း ယခင်ထက် အချိန်ကုန်သက်သာပြီး ဘေးအန္တရာယ်ကင်းစွာဖြင့် လွယ်ကူမြန်ဆန်ချောမွေ့စွာ သယ်ယူပို့ဆောင်ပေးလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

သတင်းစဉ်