Skip to main content

တိုင်းစစ်ဌာနချုပ်အသီးသီးနှင့် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များ၌ ကျောင်းသား ကျောင်းသူများအတွက် နွေရာသီသင်တန်းများဖွင့်လှစ်

နေပြည်တော် ဧပြီ ၂၂

ကျောင်းသား ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ် ရက်ကာလများတွင် အားလပ်ချိန် များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဘာသာ၊ သာသနာကို တန်ဖိုးထားတတ်စေရန်၊ မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့် ကျင့်စဉ်များကို ပိုမိုနက်ရှိုင်းစွာ နားလည်စေရန်နှင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ပညာထူးချွန်သူများ ဖြစ်လာစေရန်၊ လက်တွေ့အသုံးချ ဘာသာရပ်များနှင့်အတူ ဗဟုသုတရစေပြီး အတတ်ပညာများတိုးပွားစေရန်ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ် အသီးသီးနှင့် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များ၌ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်း၊ မြန်မာ့သိုင်းသင်တန်း၊ အခြေခံအင်္ဂလိပ်သဒ္ဒါနှင့် စကားပြော သင်တန်းများစသဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ထိုသို့ ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကွပ်ကဲမှုအောက် တနိုင်းတပ်နယ်ခန်းမ၌လည်းကောင်း အသီးသီးဖွင့်လှစ်ရာ သက်ဆိုင်ရာ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသား ကျောင်းသူများ၊ သင်တန်းနည်းပြများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်