Skip to main content

ကော့ကရိတ်မြို့ကို တပ်မတော်က ဓာတုအဆိပ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဧပြီ ၂၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို တပ်မတော်ကဓာတုအဆိပ်ဗုံးများဖြင့် ဧပြီလ ၂၀ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမားများနှင့် ဒေသခံပြည်သူများ မူးဝေ၊ အော့အန်ခြင်းဝေဒနာများခံစားနေရကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ကော့ကရိတ်မြို့တွင် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေသည့် လက်နက်ကိုင်သောင်းကျန်းသူများကို တပ်မတော်ကအကြမ်းဖက်ချေမှုန်းရေးစစ်ဆင်မှုဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်လျက်ရှိပြီး လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်မှထိရောက်သည့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အကြမ်းဖက်သောင်းကျန်းသူများ ထိခိုက်သေဆုံးမှုများပြားလျက်ရှိကြောင်း မြေပြင်သတင်းပေးပို့ချက်များအရ သိရှိရပါသည်။ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ထို့သို့ထိခိုက်သေဆုံးမှုများတိုင်း တရားမဝင် ပြည်ဖျက်မီဒီယာများမှတစ်ဆင့် တပ်မတော်မှဓာတုအဆိပ်ဗုံးများ အသုံးပြုတိုက်ခိုက်နေကြောင်း မဟုတ်မမှန်ဝါဒဖြန့်ဝေခြင်းများကို ယခင်တိုက်ပွဲဖြစ်စဉ်များတွင်လည်း တွေ့မြင်ရပါသည်။

တပ်မတော်သည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်လျက်ရှိပြီး နယ်မြေလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ကိုလည်း ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်သမားများက ယခုကဲ့သို့ သတင်းတု၊ သတင်းအမှားများဖြင့် ပြည်သူများကြောက်ရွံ့ထိတ်လန့်စေရန်နှင့် တပ်မတော်အပေါ် အထင်အမြင် လွဲမှားစေရန်အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။