နေပြည်တော် ဧပြီ ၂၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် အမှတ် (၈၅) တံတားအနီး ငလိုက်ချောင်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာအုပ်စု ရှိ ကွင်းအမှတ် (၁၈၈၁) ကွင်း ယာယီရှင်းလင်းဆောင်၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက တစ်ဧက ပန်းတိုင်အထွက်နှုန်း တိုးတက်ရေးဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်းဟူသည့်နည်းလမ်းလေးရပ်နှင့်အညီ စီမံဆောင်ရွက်ပြီး ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင် ဆောင်ရွက်ရမည့်အပြင် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာတို့ကို တိုးချဲ့စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်း ပြည့်မီအောင် ဆောင်ရွက်မှသာ ပြည်တွင်းစားသုံးဆီ ဖူလုံမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း စပါးအပါအဝင် အခြားသီးနှံများ စိုက်ပျိုးမှုအခြေအနေ၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သွင်းအားစုများ စနစ်တကျထည့်သွင်းသည့် နည်းစနစ်များ၊ ကောက်စိုက်စက်နှင့် လက်ဆွဲ ကောက်စိုက်စက်အသုံးပြု၍ မိုးစပါးနှင့် နွေစပါးစိုက်ပျိုးမှုအခြေအနေနှင့် စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များက မြေပဲမျိုးများနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များကို တောင်သူများထံ ထောက်ပံ့ပေးအပ်ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဥတ္တရသီရိမြို့နယ် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၁၇ အနီးရှိ ငလိုက်စခန်းသာဆင်စခန်းသို့ရောက်ရှိပြီး ဆင်သရုပ်ပြကကွက်များနှင့် ဆင်ပြတိုက်အား ကြည့်ရှုအားပေး၍ ခရီးသွားဆွဲဆောင်မှုရှိစေရေးနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများရရှိစေရေး၊ ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဥတ္တရသီရိမြို့နယ် ငလိုက်ရေလှောင်တမံသို့ ရောက်ရှိရာ နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ငလိုက်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုအခြေအနေ၊ တမံမှ စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများနှင့် ရေအသုံးချသူများအဖွဲ့ (WUG) အဖွဲ့များ ဖွဲ့စည်းထားရှိမှုကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက နွေစပါး၊ နွေသီးနှံများကို လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေလေလွင့်မှုမရှိစေရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း တာဝန်ရှိသူများကို မှာကြားသည်။
သတင်းစဉ်