နေပြည်တော် ဧပြီ ၁၅
၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့်အခါသမယတွင် မြန်မာ့ရိုးရာဓလေ့ထုံးစံအရ နှစ်သစ်ကူးအတာသင်္ကြန်ပွဲကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲအပန်းဖြေနိုင်ရန် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်သို့ လာရောက်လည်ပတ်သူ မဟေမာန်ကိုက “သင်္ကြန်ရောက်ပြီဆိုရင် အလုပ်တွေခဏနား၊ အပန်းဖြေလည်ပတ်ပျော်ရွှင်တာရှိသလို ဘုရားကျောင်းကန်သွားပြီး ကုသိုလ်ဘာဝနာပြုတဲ့သူလည်း ရှိပါတယ်။ တစ်နှစ်မှာတစ်ခါပဲဆင်နွှဲခွင့်ရတဲ့ အတာသင်္ကြန်ပွဲတော်ကို သူငယ်ချင်းတွေနဲ့အတူ လာရောက်ပါဝင်ဆင်နွှဲတာပါ။ မြို့တော်ဝန်မဏ္ဍပ်မှာဆိုရင် နိုင်ငံကျော်အနုပညာ ရှင်တွေ၊ K-Pop အဆိုတော်တွေ၊ ရုရှားအနုပညာရှင်များက မြူးကြွတဲ့တေးသီချင်းများနဲ့ သီဆိုဖျော်ဖြေပေးပြီး သင်္ကြန်ယိမ်းအဖွဲ့တွေကလည်း ညီညာလှပစွာ ကပြဖျော်ဖြေမှုတွေကို မြင်တွေ့ခွင့်ရတဲ့အတွက် အရမ်းပျော်ဖို့ကောင်းပါတယ်။ စတုဒိသာမဏ္ဍပ်မှာ မြန်မာ့ရိုးရာအစားအစာတွေနဲ့ ကျွေးမွေးဧည့်ခံပါတယ်။ နောက်နှစ်တွေမှာလည်း သင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စရာကောင်းအောင်၊ ရိုးရာမပျက်အောင်နဲ့ စည်ကားအောင်ကျင်းပပေးစေလိုပါတယ်” ဟု ပြောသည်။
နံနက်ပိုင်းမှစတင်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ဓာတုဇယဓာတ်ပေါင်းစုစေတီတော်၊ ရန်အောင်မြင်ရွှေလက်လှဘုရား၊ သတ္တသတ္တာဟသံဝေဇနိယ လေးဌာနစေတီ၊ ကိုးခမ်းကြီးဘုရား၊ ဆုတောင်းပြည့်လောကမာရဇိန်စေတီတော်ကြီး၊ လှေခွင်းတောင်ဘုရား၊ အခြားတန်ခိုးကြီး ဘုရားများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် တရားဘာဝနာပွားများ အားထုတ်ကြသူများ၊ ဥပုသ်သီလ ဆောက်တည်ကြသူများ၊ တရားစခန်းများတွင် တရားဘာဝနာရှုမှတ်ပွားများကြသူများ၊ ရေသပ္ပာယ်ကြသူများ၊ ဆွမ်း၊ ရေချမ်း၊ ပန်း နှင့် ရွှေသင်္ကန်း လှူဒါန်းကြသူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
ထို့အတူ နေပြည်တော်အတွင်းရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မဟာသင်္ကြန်ရေကစားမဏ္ဍပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ မဟာသင်္ကြန်ရေကစားမဏ္ဍပ်၊ နေပြည်တော်မြို့တော်ဝန်ရေကစားမဏ္ဍပ်တို့တွင် နိုင်ငံကျော်အနုပညာရှင်များ၊ တေးသံရှင်များက ပရိသတ်အကြိုက်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြပြီး ဝန်ကြီးဌာနများ၊ ခရိုင်/ မြို့နယ်များမှ သင်္ကြန်ယိမ်းအကအဖွဲ့များကလည်း ညီညာလှပသည့် ယိမ်းအကအလှများဖြင့် ပါဝင်ဖြည့်စွက်ကပြဖျော်ဖြေကြရာ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်ကို တွေ့မြင်ရသည်။
အလားတူ သင်္ကြန်ချစ်သူများက နေပြည်တော်ကောင်စီနယ်မြေအတွင်း အထင်ကရနေရာများဖြစ်သော နေပြည်တော်ရေပန်းဥယျာဉ်၊ လှေခွင်းတောင်ကမ်းခြေအပန်းဖြေစခန်း၊ တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်နှင့် မင်္ဂလာကန်တော်တို့တွင် လာရောက်အပန်းဖြေ အနားယူကြသူများ၊ ရေကစားကြသူများဖြင့် စည်ကားများပြားလျက်ရှိသည်။
မဟာသင်္ကြန်ကာလအတွင်း ပြည်သူများအေးချမ်းပျော်ရွှင် ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ကြစေရန်နှင့် အပန်းဖြေကမ်းခြေစခန်း များ၌ ပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်စေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်သူများ၏လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့များကလည်း ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် ယာဉ်ကြောရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အပန်းဖြေအနားယူနေကြစဉ်အတွင်း အန္တရာယ်မရှိစေရေးအတွက် သတိပေးနှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သည် မြန်မာသက္ကရာဇ်နှစ်တစ်နှစ်ကုန်ဆုံးပြီး နှစ်သစ်၏အေးချမ်းမှုကိုရရှိစေရန်၊ နှစ်ဟောင်းမှအညစ်အကြေးများ ကင်းစင်လွင့်ပျောက်စေပြီး နှစ်သစ်သို့မပါလာစေရန်ရည်ရွယ်၍ ရေစင်သွန်းလောင်းကြခြင်းဖြစ်သည်နှင့်အညီ နှစ်ဟောင်းမှအညစ်အကြေးများကို သင်္ကြန်အတာရေဖြင့် တစ်ဦးကိုတစ်ဦး ကြည်နူးသိမ်မွေ့စွာ ပက်ဖျန်းဆေးကြော ပျော်ရွှင်စွာရေကစားကြသည့် ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခုလည်း ဖြစ်သည်။
သတင်း - သန်းမင်းအောင်၊ ဟိန်းမင်းစိုး
ဓာတ်ပုံ - ကိုကျော်ကြီးနှင့်အဖွဲ့