Skip to main content

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ် အနောက်ဘက် ဆိုင်ကယ်ရပ်နားဆောင်၌ PDF အမည်ခံ အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်း ၂ လုံး ပေါက်ကွဲမှုကြောင့် ကလေးငယ် ၅ ဦးအပါအဝင် ဒေသခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှု၊ ပြည်သူ့ဘဝသာယာရေးအတွက် အကြမ်းဖက်မှုများကို ဝိုင်းဝန်းဆန့်ကျင်တိုက်ဖျက်ရန် လိုအပ်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

ဒီနေ့မှာတော့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်မှာ လက်လုပ်မိုင်း ၂ လုံး ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ကလေးငယ် ၅ ဦးအပါအဝင် ဒေသခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ ဒီနေ့မနက် ၁၀ နာရီခွဲလောက်မှာ မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနောက်ဘက်မှာရှိတဲ့ ဆိုင်ကယ်ရပ်တဲ့နေရာမှာ ဆိုင်ကယ်တစ်စီးရဲ့ အိပ်ဇောကနေပြီး လက်လုပ်မိုင်း ၂ လုံး ပေါက်ကွဲတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကလေးငယ် ၅ ဦးအပါအဝင် ဒေသခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အတာသင်္ကြန်ပွဲဆိုတာသည် မြန်မာတို့ရဲ့ အထူးအလေးအမြတ်ထားရတဲ့ နှစ်ကူးပွဲတော်ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတိုင်း၊ နိုင်ငံတိုင်းရဲ့လူမျိုးအသီးသီးမှာ မိမိတို့သက်ဆိုင်ရာအလိုက် နှစ်သစ်ကူးပွဲတွေ ကျင်းပကြပါတယ်။

ဒီလိုနှစ်သစ်ကူးပွဲတွေ ကျင်းပတဲ့အခါမှာ ပြည်သူတစ်ရပ်လုံး ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ့်ရိုးရာအလိုက် ပြုလုပ်ကြတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အရှေ့တောင်အာရှနိုင်ငံမှာဆိုလည်း မြန်မာနဲ့အတူ သင်္ကြန်ပွဲတော်ကို ထိုင်းနိုင်ငံတို့၊ လာအိုနိုင်ငံတို့မှာ ကျင်းပပြုလုပ်နေတာလည်း အားလုံးတွေ့ရမှာဖြစ်ပါတယ်။ ဒီနှစ်သစ်ကူးပွဲဆိုတာသည် ကျွန်တော်တို့ ကမ္ဘာ့နိုင်ငံတိုင်းမှာရှိတဲ့ လူအားလုံးနဲ့သက်ဆိုင်တဲ့ သက်ဆိုင်ရာ နှစ်သစ်ကူးပွဲတွေပဲဖြစ်ပါတယ်။ ဒါသည်အစိုးရတစ်ရပ်တည်းနဲ့ သက်ဆိုင်တဲ့ပွဲမဟုတ်ပါဘူး။ မြန်မာပြည်သူပြည်သားအားလုံးနဲ့ သက်ဆိုင်တဲ့ပွဲဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် ဒါသည်တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ တောထဲမှာ ရောက်နေတဲ့ NUG၊ PDF ဆိုတဲ့သူတွေနဲ့ပါ သက်ဆိုင်တဲ့ပွဲ ဖြစ်ပါတယ်။ ဒီလိုပွဲမျိုးမှာ အကြမ်းဖက်လုပ်ရပ်များကို NUG ၊ PDF အမည်ခံ အကြမ်းဖက်သမားတွေသည် လုပ်ဆောင်ခဲ့တာကို ကျွန်တော်တို့ တွေ့ရမှာဖြစ်ပါတယ်။

ဒီလိုလူမျိုးတွေနဲ့ ကျွန်တော်တို့ ဘယ်လိုငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မလဲ။ ဒီလိုစိတ်ကူးထဲမှာ အမြဲတမ်း အကြမ်းဖက်လုပ်ရပ်တွေကိုပဲလုပ်ဆောင်မယ်ဆိုတဲ့ လူမျိုးတွေကို ဘယ်လိုမျိုး ကျွန်တော်တို့က ဘယ်လိုလက်ခံရမလဲ။ ဒါတွေကိုပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်ဖို့လိုပါတယ်။ အခုဆိုရင်လည်း ကျွန်တော်တို့အဖွဲ့အစည်းအသီးသီးက ပြင်းထန်စွာ ရှုတ်ချမှုတွေ/ ကန့်ကွက်မှုတွေ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ သို့သော် ဒီလောက်နဲ့မလုံလောက်သေးပါဘူး။ အနည်းဆုံးအဆင့်တော့ ကျွန်တော်တို့ပြည်သူလူထုအနေနဲ့ ကျွန်တော်တို့နိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေ ပျောက်ကွယ်သွားဖို့ဆိုရင်၊ ပြည်သူ့ဘဝလုံခြုံအေးချမ်းစွာ နေထိုင်နိုင်ဖို့ဆိုရင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတာတွေ၊ သတင်းပေးတာတွေ အကြမ်းဖက်သမားတွေ ရပ်တည်လို့မရအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ တချို့သောပြည်သူတွေအထဲမှာ၊ အနည်းစုအထဲမှာ အထင်အမြင်လွဲမှားပြီး ဒီ NUG ၊ PDF ကို ထောက်ခံနေတဲ့လူတွေရှိပါတယ်။ ပြောရရင် NUG ၊ PDF ကို ကိုးကွယ်နေတဲ့သူရှိပါတယ်။ အခုဆိုရင် NUG ၊ PDF ဆိုတာသည် ဘယ်လိုလူစားမျိုးလဲ၊ ဘယ်လိုအဖွဲ့အစည်းမျိုးလဲဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပြီဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံး ပျော်ရွှင်ရမယ့်၊ မြန်မာတစ်နိုင်ငံလုံး အလေးအနက်ထားတဲ့ အတာသင်္ကြန်ပွဲမှာ ရုပ်ဆိုးအကျည်းတန်စွာ ဗုံးထောင်ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူတွေ၊ ကလေးငယ်တွေ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေနဲ့ အမြန်ဆုံးဖော်ထုတ်ပြီး ပြင်းထန်စွာ အရေးယူအပြစ်ပေးမှုတွေ ဆောင်ရွက်မှာဖြစ်ပါတယ်။ အကြမ်းဖက်မှုများကိုလည်း ဒီထက်ပိုမိုစောင့်ကြည့်တာတွေ၊ ပိုမိုပြီး နှိမ်နင်းတာတွေကို ကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့ ဒေသခံပြည်သူတွေနဲ့ ကလေးငယ်များအတွက်လည်း နိုင်ငံတော်အစိုးရအနေနဲ့ အထူးဝမ်းနည်းကြေကွဲရပါတယ်။ သူတို့နဲ့ပတ်သက်ပြီး သက်ဆိုင်ရာဆေးရုံများမှာ ကာကွယ်စောင့်ရှောက်မှုများကို ဆောင်ရွက်လျက်ရှိပါတယ်။ ဆက်လက်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြည်သူ့ဘဝသာယာဖို့၊ အကြမ်းဖက်မှုကို ဝိုင်းဝန်းဆန့်ကျင်တိုက်ဖျက်ဖို့လို့ ကျွန်တော်ပြောကြားလိုပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။